ဧရာ၀တီမြစ်ရေပြန်တက်လာသဖြင့် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်နီးပါး ရောက်ရှိ

ဧရာ၀တီမြစ်ရေပြန်တက်လာသဖြင့် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်နီးပါး ရောက်ရှိ
Published 26 August 2024

ဧရာ၀တီမြစ်ရေပြန်တက်လာသဖြင့် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်နီးပါး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဟင်္သာတမြို့၏စိုးရိမ်ရေမှတ်မှာ ၄၄ ပေဖြစ်ပြီး သြဂုတ် ၂၆ ရက်  ၊ နံနက်ပိုင်းတိုင်းတာချက်အရ (၄၃.၈၅)ပေထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

"ပထမတစ်ကြိမ်တုန်းက စိုးရိမ်ရေမှတ်အထက်မှာ ဇူလိုင် ၁၄ ရက်နေ့ကစပြီး ၁၉ ရက်ကြာမြင့်ခဲ့တယ်။ အဲဒီနောက် စိုးရိမ်ရေမှတ်အောက်ကို ပေ၀က်ခန့်ပဲပြန်ကျပြီး စိုးရိမ်ရေမှတ်အထက်ကို နှစ်ရက်ကြာ ပြန်လည်ရောက်ရှိခဲ့တယ်။  ရေပြန်ကျတဲ့ သြဂုတ် ၇ ရက်နေ့နောက်ပိုင်းရက်တွေမှာ ရေအမှတ်က ၃၉ ပေခွဲထိပဲ အနိမ့်ဆုံးရောက်ရှိခဲ့တာတွေ့ရပါတယ်။ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲထိပဲကျပြီး ရေပြန်တက်လာတဲ့သဘောပါ။ ကျွန်တော်တို့ဒေသမှာက ရေကာတာအပြင်ဘက် ရေလွှမ်းဧရိယာတွေရှိတယ်၊ တာအတွင်းဧရိယာတွေဆိုရင်လည်း တာတမံတွေကို အားပြုနေရတာဆိုတော့ ရေအခြေအနေကို တောက်လျှောက်စောင့်ကြည့်နေရတာပါပဲ။ မိုးဇလထုတ်ပြန်ချက်တို့၊ ဆည်မြောင်းရဲ့ရေအမှတ်တိုင်းတာချက်တို့ကို ကျွန်တော်တို့အလေးထားစောင့်ကြည့်နေပါတယ်။ ရေဘေးနဲ့ ကမ်းပြိုဘေး အကူအညီတွေလိုအပ်ရင်လည်း ကျွန်တော်တို့ကူညီဖြစ်ပါတယ်"ဟု ဟင်္သာတခရိုင်ပရဟိတကွန်ရက်မှ အဖွဲ့ခေါင်းဆောင်တစ်ဦးက ဖြေကြားသည်။

ဧရာ၀တီမြစ်ရေအခြေအနေမှာ ပြီးခဲ့သည့်ရေတက်ချိန်အပြီး ရက်(၂၀)အကြာတွင်ဟင်္သာတမြို့၏စိုးရိမ်ရေမှတ်နီးပါးသို့  ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent