၂၀၁၅ ခုနှစ်က မုန်းချောင်း ရေကြီး ရေလျှံ မှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည့် စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုက အဌမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း

၂၀၁၅ ခုနှစ်က မုန်းချောင်း ရေကြီး ရေလျှံ မှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည့် စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုက အဌမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း
Published 20 July 2024
အောင်သူငြိမ်း

 ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မုန်းချောင်း ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် နုန်းသဲပို့ နစ်မြုပ်ခဲ့ပြီး နေရာပြောင်းရွှေ့ခဲ့ရသည့် စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုက ဇူလိုင် ၂၀ ရက် (ဝါဆိုလပြည့်နေ့) တွင် အဌမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 ပွင့်တောက်ကျေးရွာသည် အဆိုပါကဲ့သို့ နုန်းသဲပို့ပြီး ဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအားလုံး နစ်မြုပ်ခဲ့ကြောင်း ထို့ကြောင့် မူလကျေးရွာ၏ အနောက်တောင်ဘက် ကုန်းမြင့်ပေါ်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းသို့ ရေဘေးဒုက္ခများ ကြုံတွေ့နေရစဉ်က Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေဘေးကူညီရေးအစီအစဉ်ဖြင့် ဆန်၊ ဆီ နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းခဲ့ကြောင့် ထို့အပြင် သဘာဝဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာရပါက သံဃာတော်များအပါအဝင် ဒေသခံများ မိုးလေလုံစွာဖြင့် မှီခိုနိုင်ရန်ရည်ရွယ်၍ RC နှစ်ထပ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဆင်းတုတော်အကြီးတစ်ဆူအပါအဝင် နှစ်ကျိပ်ရှစ်ဆူ ဘုရားဆင်းတုတော်များနှင့် သိမ်ကျောင်းတစ်ဆောင်တို့ကိုလည်း Eleven Media Group မိသားစုက လှူဒါန်းခဲ့ကြောင်း ထိုဘုန်းတော်ကြီးကျောင်း စတင်တည်ဆောက်ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ Eleven Media Group မိသားစုက ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကထိန်အလှူတော်တို့ကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် အဌမအကြိမ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 " အခုလို Eleven Media Group မိသားစုတို့က နှစ်စဉ်ပြုနေကျအတိုင်း ဝါဆိုသင်္ကန်းကပ်လှူရခြင်းကြောင့် မိသားစုများအားလုံး ဘေးဘယာ ဝေးကွာနိုင်ကြပြီး ကပ်ဘေးများမှ ကင်းဝေးနိုင်ကြပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမျာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ် " ဟု ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားသည်။

 ပွင့်တောက်ကျေးရွာမှ ဒေသခံများ စုပေါင်း၍ အဆိုပါ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဉာဏ်တော် ၂၅ တောင် အမြင့်ရှိသည့် သောင်းလုံးချမ်းသာ မဟာစေတီတော်ကိုလည်း ဇူလိုင်လဆန်းပိုင်းက တည်ထားပြီးစီးခဲ့ပြီး ဘုရားအနေကဇာတင်မင်္ဂလာပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

Most Recent