အန်ဇိုဖာနန်ဒက်ဇ်၏ပြဿနာအတွက် မက်ဆီနှင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ တောင်းပန်သင့်ကြောင်း ပြောကြားခဲ့သည့် အားကစား ဒုဝန်ကြီးကို အာဂျင်တီးနားသမ္မတ ထုတ်ပယ်

အန်ဇိုဖာနန်ဒက်ဇ်၏ပြဿနာအတွက် မက်ဆီနှင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့ တောင်းပန်သင့်ကြောင်း ပြောကြားခဲ့သည့် အားကစား ဒုဝန်ကြီးကို အာဂျင်တီးနားသမ္မတ ထုတ်ပယ်
Photo: Infobae
Photo: Infobae
Published 20 July 2024

 

အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်၏ လူမျိုးရေးခွဲခြားမှု ပြဿနာအတွက် အသင်းခေါင်းဆောင် မက်ဆီနှင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလော်ဒီယိုတာပီယာတို့ တောင်းပန်သင့်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည့် အားကစားဒုဝန်ကြီး ဟူလီယိုဂါရိုကို သမ္မတဟာဗီယာမီလီက ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်အပါအဝင် အာဂျင်တီးနားကစားသမားအချို့သည် ၂၀၂၄ ကိုပါ အမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် အောင်ပွဲခံစဉ် အာဖရိကနွယ်ဖွား ပြင်သစ်ကစားသမားများကို စော်ကားသည့်အသုံးအနှုန်းဖြင့် သီချင်းသီဆိုခဲ့ကြသည်။ အန်ဇိုဖာနန်ဒက်ဇ် က ယင်းဗီဒီယိုကို Instagram တွင် တင်ခဲ့သောကြောင့် ပြဿနာဖြစ်ပွားနေခြင်းဖြစ်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ ကန့်ကွက်တိုင်ကြားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အာဂျင်တီးနားအားကစားဒုဝန်ကြီး ဟူလီယိုဂါရိုက "နိုင်ငံအသင်းခေါင်းဆောင် (မက်ဆီ) နဲ့ AFA (အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်) ဥက္ကဋ္ဌ (ကလော်ဒီယိုတာပီယာ) အနေနဲ့ ထွက်လာပြီးတော့ ဒီကိစ္စအတွက် တောင်းပန်သင့် တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့လိုလုပ်တာ သင့်လျော်ပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အရမ်းကြီးမားတဲ့ အောင်မြင်မှုကို ဆိုးရွားတဲ့ အလင်းရောင်ထဲမှာ ပစ်ထားလိုက်သလိုပဲ" ဟု အာဂျင်တီးနားအခြေစိုက် Urbano Play ရေဒီယိုသို့ ပြောကြားခဲ့သည်။

၎င်း၏ပြောကြားမှု ထွက်ပေါ်လာပြီးနောက် အာဂျင်တီးနားသမ္မတရုံးက လူမှုမီဒီယာ X မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟူလီယိုဂါရိုအနေဖြင့် ရာထူးတွင်ဆက်ရှိနေမည်မဟုတ်ကြောင်း ဖော်ပြထားသည်။ "အစိုးရအနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း သို့မဟုတ် မည်သည့်နိုင်ငံသား တစ်ဦးကိုမှ ဘယ်လိုမှတ်ချက်ပြုရမယ်၊ ဘယ်လိုစဉ်းစားရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုပြီး ပြောခွင့်မရှိဘူးဆိုတာကို သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီအကြောင်းပြချက်ကြောင့် ဟူလီယိုဂါရိုဟာ နိုင်ငံအားကစား အဖွဲ့ ဒုဝန်ကြီးရာထူးမှာ ဆက်ရှိနေမှာမဟုတ်ပါဘူး" ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ရာထူးမှထုတ်ပယ်ခံရပြီးနောက် ဟူလီယိုဂါရိုက မိမိ၏မှတ်ချက်စကားကြောင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေပါက တောင်းပန်လိုကြောင်း၊ ယင်းကဲ့သို့ဖြစ်စေရန် ရည်ရွယ်ခြင်းမဟုတ်သဖြင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်း၏တစ်ဖက်တွင် အမြဲရပ်တည်ခဲ့သော်လည်း နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း X မှတစ်ဆင့် တုံ့ပြန်ရေးသားခဲ့သည်။

Most Read

Most Recent