ယူရိုချန်ပီယံ စပိန်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် ပြောကြားခဲ့သည့် စကားများအတွက် UEFA ထံ ဂျီဘရော်လ်တာ ဘောလုံးအဖွဲ့ချုပ် တိုင်ကြား

ယူရိုချန်ပီယံ စပိန်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် ပြောကြားခဲ့သည့် စကားများအတွက် UEFA ထံ ဂျီဘရော်လ်တာ ဘောလုံးအဖွဲ့ချုပ် တိုင်ကြား
Photo: Getty Images
Photo: Getty Images
Published 20 July 2024

 

ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်း၏ အောင်ပွဲခံအခမ်းအနားတွင် ပြောကြားခဲ့သည့် စကားလုံးများအတွက် ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ် (GFA) က ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ထံ ဇူလိုင် ၁၈ ရက်တွင် ကန့်ကွက်တိုင်ကြားခဲ့ကြောင်း သိရသည်။

စပိန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ဇူလိုင် ၁၆ ရက်က မက်ဒရစ်မြို့၌ အောင်ပွဲခံအခမ်းအနားပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် စပိန်အသင်း ခေါင်းဆောင် မိုရာတာနှင့် ယူရိုပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ ရိုဒရီ အပါအဝင် စီနီယာကစားသမားများက "ဂျီဘရော်လ်တာဟာ စပိန်နိုင်ငံသားတွေဖြစ်တယ်" ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုရာတာက ရိုဒရီအား အင်္ဂလန်ကလပ်၌ ကစားနေခြင်းအတွက် သတိပေးသော်လည်း ၎င်းက "ဂရုမစိုက်ဘူး" ဟု တုံ့ပြန်ခဲ့သည်။

ဂျီဘရော်လ်တာနှင့် စပိန်မှာ နယ်နိမိတ်ချင်းထိစပ်မှုရှိသော်လည်း ဗြိတိန်ပင်လယ်ရပ်ခြားနယ်မြေဒေသအဖြစ် သီးခြားရပ်တည်လျက်ရှိသောကြောင့် စပိန်အသင်းကစားသမားများ၏ အောင်ပွဲခံမှုမှာ မိမိတို့၏ လွတ်လပ်သောတည်ရှိမှုကို ပြင်းထန်စွာတိုက်ခိုက် ခြင်းဖြစ်ကြောင်း GFA က ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

ဂျီဘရော်လ်တာသည် ၂၀၁၃ ခုနှစ်တွင် UEFA အဖွဲ့ဝင်နှင့် ၂၀၁၆ ခုနှစ်တွင် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ စပိန်သည် ဂျီဘရော်လ်တာအား UEFA အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရန် ကန့်ကွက်မဲပေးခဲ့ပြီး ယူရိုခြေစစ်ပွဲများတွင် ၎င်းတို့ ထိပ်တိုက်တွေ့ဆုံခြင်းမရှိစေရန် သဘောတူညီမှုရရှိထားသည်။

Most Read

Most Recent