■မန္တလေးမြို့နှင့် ၁၄ မိုင်ခန့်အကွာရှိ မတ္တရာမြို့နယ်အစပ်တွင် တိုက်ပွဲအချို့ဖြစ်ပွားသဖြင့် ၎င်းနေရာတစ်ဝိုက်မှ ဒေသခံအချို့ တိမ်းရှောင်

■မန္တလေးမြို့နှင့် ၁၄ မိုင်ခန့်အကွာရှိ မတ္တရာမြို့နယ်အစပ်တွင် တိုက်ပွဲအချို့ဖြစ်ပွားသဖြင့် ၎င်းနေရာတစ်ဝိုက်မှ ဒေသခံအချို့ တိမ်းရှောင်
Published 19 July 2024

■မန္တလေးမြို့ရှိ Mytel ရုံးကို ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းမဟုတ်ဘဲ လက်လုပ်မိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း သိရ 

မန္တလေးမြို့နှင့် ၁၄ မိုင်ခန့်အကွာရှိ မတ္တရာမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းနေရာတစ်ဝိုက်မှ ဒေသခံအချို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် အစပ်တွင် ယခင်ရက်များက လက်နက်ကြီးသံများ ကြားရပြီး ဇူလိုင် ၁၉ ရက်တွင် နှစ်ဖက်ပစ်ခတ်သံများက ကြားရဖြင့် ကြိုတင်တိမ်းရှောင်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် မြကံသာရွာမှ ဒေသခံတစ်ဦးက ပြောကြားသည် ။မြကန်သာကျေးရွာသည် မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်း ပါဝင်ပြီး မတ္တရာမြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည် ။ 

"ကျွန်တော်တို့ မြကန်သာ ရွာရဲ့ အရှေ့ဘက်မှာ ငါးကန်ရှိတယ် ။ အဲ့ ငါးကန်မှာ ဟိုဘက်ဒီဘက် ပစ်နေကြတာ ။ အရင်ရက်ကတော့ လက်နက်ကြီး ပစ်သံတွေလောက်ပဲ ကြားရတာ ။ တဖက်နဲ့တဖက် ပစ်ခတ်ကြတဲ့အသံမျိုး မဟုတ်သေးဖူး ။ နောက်ပြီး လေကြောင်းကနေပစ်တဲ့အသံတွေလည်း ကြားရတယ် ။ ဒါပေမယ့် ဒီကနေ့ (ဇူလိုင် ၁၉ )  မနက်ကျတော့ တဖက်နဲ့တဖက် ပစ်ခတ်ပြီး တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားလာရတော့ နီးလာတဲ့သဘောပေါ့ ။ တချို့ပြောတာကတော့ သူတို့အိမ်တွေပေါ်မှာ ဒရုန်းတွေ ပျံနေတယ်လို့ ပြောကြတယ် ။ ဒါကြောင့် ရွာမှာ လူမရှိသလောက်ဖြစ်သွားပြီ ။ ဘာဆိုင်မှလည်း မဖွင့်ကြတော့ စားရေးသောက်ရေးကလည်း နေမယ်ဆိုရင်တောင် အဆင်မပြေတော့ဘူး ။ ခက်ခဲသွားပြီ။ မရွှေ့ပြောင်းနိုင် ၊ ရွှေ့စရာမရှိတဲ့သူတွေကတော့ ရွာဦးဘုန်းကြီးကျောင်းထဲမှာ စုနေကြတယ် ။ ရှောင်နိုင် ရွှေ့နိုင်သူတချို့ကလည်း ရှောင်ကြရွှေ့ကြတာပေါ့ ။ ကျွန်တော်တို့ကတော့ လမ်းအနောက်ဖက် ပုသိမ်လေးဘက်က မိတ်ဆွေတစ်ယောက်ခြံထဲမှာ ပစ္စည်းတွေ စုပုံပြီး မိုးကာတွေနဲ့ အုပ်ထားပြီး အဲ့မှာ ခေတ္တခဏ စုနေကြရတာပေါ့ ။ ပြောင်းမယ်ရွှေ့မယ်ဆို မန္တလေးဘက်က ဝင်လို့ရကါတယ် ။ ဒါပေမယ့် မန္တလေးရောက်ရင် ပစ္စည်း ပစ္စယတွေနဲ့ ဘယ်မှာ သွားနေကြမှာလဲ ။ ဟိုတစ်နေ့က လိုက်စုံစမ်းကြည့်တော့ ကပ်ထရံအိမ်တောင် တစ်လ တစ်သိန်းခွဲနဲ့ ၆ လချုပ် စပေါ်တင်ရမယ်ဆိုတော့ မတတ်နိုင်ဘူးလေ" ဟု  မြကန်သာရွာမှ ဒေသခံတစ်ဦးက ပြောကြားသည် ။ 

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ လုံခြုံရေးစခန်းများကို PDF များက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး စဉ့်ကူးမြို့ပေါ်အထိ PDF များကဝင်ရောက်နေရာရယူမှုများရှိနေကာ တပ်မတော်ကလည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိသည်။ 

"မတ္တရာနဲ့ မြကန်သာရွာအကြားမှာရှိတဲ့ ကျောက်တံတားရွာကတော့ ပျက်သလောက်ဖြစ်သွားပြီ ။ ပြောရရင် လက်ရှိအခြေအနေက မတ္တရာရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ရွာတွေက ရှမ်းရိုးမတောင်းတန်းတွေနဲ့ ဆက်စပ်လမ်းကြောင်းအနေအထားမှာ ကျနေတယ် ။ အခုဆို ကျွန်တော်တို့ မြကံသာရဲ့ အရှေ့ဘက်က သရက်ကိုင်းတို့ ၊ ကင်းရွာတို့ ၊ ထုံးဘိုတို့ ရွာတွေက မရှိကြတော့ဘူး ။ ရွှေ့ပြောင်းကုန်ကြရပြီ ။ ရွာတွေထဲကို လက်နက်ကြီးကျတာမျိုး မကြားရပေမယ့် ရွာအပြင်က စိုက်ကွင်းတွေ စားကျက်တွေထဲကို လက်နက်ကြီးကျလို့ ကျွဲနွားသေဆုံးတာတွေတော့ ရှိတယ် ။ ရှောင်ကြရွှေ့ကြရတဲ့ ရွာတွေက အတော်များတာပေါ့ ။ မတ္တရာနယ်ထဲက ဝသုန္ဒရဘက်မှာလည်း ရှောင်ကုန်ကြပြီ ။ ကျောက်တံတားကတော့ ကုန်သလောက် ပျက်သွားပြီ ။ သရက်ကိုင်း ၊ တောင်ပုလု ၊ ထုံးဘို ၊ ကင်းရွာ စသဖြင့် ၆ ရွာ ၇ ရွာထက်မနည်း ရှောင်ကြတိန်းကြနဲ့ မရှိကြတော့ဘူး ။ အဓိကပြောရရင် ရှမ်းရိုးမတောင်တန်းကနေ ဆင်းလာတဲ့ လမ်းကြောင်းရှိတဲ့ နေရာတွေပေါ့ ။ ကွန်ပြူတာတက္ကသိုလ်ရှိတဲ့ ဒဟက်တော လမ်းကြောပေါ့ ။ ကွန်ပြူတာတက္ကသိုလ်က ဆရာ / ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကတော့ ရွှေ့ပြောင်းပြီးသွားပြီ " ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ 

လတ်တလောတွင် MNDAA က လားရှိုးမြို့အား သိမ်းပိုက်ရရှိရေး တိုက်ခိုက်ရာ၌ လားရှိူးမြို့တစ်ဝိုက်ရှိ တပ်မတော်၏ အဓိက ပင်မတပ်ရင်းများကို သိမ်းပိုက်နိုင်ခြင်းမရှိသည့်အချိန်တွင် လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိရာ အရပ်သားနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားများသေဆုံးပြီး လားရှိုးမြို့ခံအများစုသည် မြို့မှထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

ထိုသို့ PDF နှင့် လက်နက်ကိုင် အဖွဲ့များက မြို့တည်ငြိမ်မှု ပျက်ပြားအောင် အဝေးမှ ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြစ်ပေါ်လာမည်ကို မန္တလေးမြို့ခံများကြားတွင် စိုးရိမ်မှုများရှိပြီး ငွေကြေးချမ်းသာသူအချို့သည် နေပြည်တော်၊ ရန်ကုန်သို့ တိမ်းရှောင်ရန် စဉ်းစားပြင်ဆင် စီစဉ်မှုများရှိကြောင်း လည်း သိရှိရသည်။ 

" မန္တလေးကိုစစ်ပွဲရောက်လာမှာကိုတော့ အကုန်စိုးရိမ်နေကြတာပေါ့ ။လားရှိုးနမူနာရှိနေတာကိုး။ ပြောင်းနေကြပြီလားဆိုတော့ မဟုတ်သေးဘူး ။ ဒါပေမယ့် ပြင်ဆင်ထားရတာပေါ့။ ဥပမာ ရွှေဆိုင်တွေဆိုရင် မန္တလေးမှာ ရွှေတွေအကုန်ဘယ်ထားတော့မလဲ။ တစ်နေရာရွှေ့ထားကြတာမျိုးပေါ့"ဟု မန္တလေးမြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့မှ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးကလည်း" အစ်မတို့လုပ်ငန်းဆိုရင် မတ္တရာမြို့နယ်နဲ့ မန္တလေးကြားထဲက နေ့စဉ်အသွားအပြန်လာလုပ်ကြတဲ့သူတွေများတယ် ။ ခုလို မတ္တရာတစ်ဝိုက်စစ်ဖြစ်လာတော့ သူတို့မလာနိုင်တော့ဘူး ။ လုပ်ငန်းလည်း ပါးသွားတယ် ။ရပ်သွားတာမျိုးတော့ မဟုတ်ဘူး။အလုပ်ကိစ္စပြည်ပထွက်စရာရှိတာတွေလည်း မသွားနိုင်တော့ဘဲ အိမ်စိတ်မချလို့ နေနေရတယ် ။တစ်ခြားလုံခြုံမယ်ထင်တဲ့နေရာမှာ အိမ်ကြိုဝယ်ထားပြီး ရွှေ့နိုင်အောင်လုပ်ထားတာမျိုးပေါ့" ဟု ဆိုသည်။ 

လက်ရှိတွင် ဇူလိုင်လ၁၉ရက်နေ့နံနက် လေးနာရီခန့်က မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၊၆၂လမ်းနှင့် ၃၇Aလမ်းထောင့်ရှိ Mytelရုံးတွင်  ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုသည် Mytel ရုံးရှိ လုံခြုံရေးကင်းအား Sucide Drone (အသေခံဒရုန်း)ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့စစ်နှစ်ဦးသေဆုံးခဲ့သည်ဟု ပေါက်ကွဲမှုအား လုပ်ဆောင်ခဲ့သည်ဟုဆိုကာ PDF အဖွဲ့များ၏ ကြေညာချက်တစ်စောင် လူမှုကွန်ရက်တွင်ပျံ့နှံနေပြီး exile media အချို့တွင်လည်း အဆိုပါသတင်းကို ဖော်ပြထားသည်ကိုတွေ့ရသည်။ 

Mytel ရုံးတွင် ပေါက်ကွဲမှုသည် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်ဖြစ်ကြောင်း တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်စဉ်အနီး နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြားမှုအရသိရသည်။ 

လက်ရှိအချိန်တွင် ကောလာဟလ သတင်းအချို့ ထွက်‌‌ပေါ်‌နေသကဲ့သို့မဟုတ်ဘဲ မန္တလေးမြို့တွင် ပုံမှန်အတိုင်းရှိနေသော်လည်း မန္တလေးမြို့ လုံခြုံရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များကို တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

"တကယ်လို့ ဖြစ်လာခဲ့ရင် စားနပ်ရိက္ခာအတွက်ပဲ စဉ်းစားမိတယ် ။ ရှောင်မယ် ရွှေ့မယ်ဆိုရင်ရော  ဘယ်နေရာက ဘယ်လောက်အထိ ဘယ်အချိန်အထိ လုံခြုံစိတ်ချရမှာလဲ ။ နောက်ပြီး မြို့ပေါ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးလောက်အောင်ထိ မဖြစ်လောက်ဖူးလို့ ယူဆတယ် ။ ကလေးငယ်တွေရော ရှိတာကြောင့် ရှောင်ရတိန်းရဆို မလွယ်ပါဘူး ။ ဒါကြောင့် ကိုယ့်အိမ်မှာပဲ မိသားစုတွေ စုစုစည်းစည်းနဲ့ နေဖို့ တွေးထားတယ် " ဟု လည်းမန္တလေးမြို့ခံ တစ်ဦးက ပြောကြားသည် ။

မန္တလေးမြို့ နှင့် ၂၁မိုင်ခန့် ကွာဝေးသော မတ္တရာမြို့နှင့်အနီးတဝိုက်ဒေသတွင် တိုက်ပွဲများဖြစ်ပေါ်နေသဖြင့် ဇူလိုင်လဆန်းပိုင်းအတွင်းမှစတင်ကာ မန္တလေးမြို့တွင်းမြို့ပြင်လုံခြုံရေး ၊စစ်ဆေးရေးဂိတ်များတိုးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။ 

" မြို့ဝင်မြို့ထွက်ရှိပြီးသားဂိတ်တွေအပြင် ထပ်တိုးဂိတ်သစ်တွေမှာ လုံခြုံရေးပိုတိုးထားတယ် ။စစ်ဆေးမှုတွေလည်း ပိုတင်းကြပ်ထားတာ မြင်ရတယ်"ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ 

ချမ်းမြသာစည်မြို့နယ် ၊မြရည်နန္ဒာအိမ်ယာဝန်းထိပ်တွင် စစ်ဆေးရေးဂိတ်တစ်ခုကို အသစ်ထပ်တိုးခဲ့ပြီး နေ့ည စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။ထို့ပြင် အမရပူရမြို့နယ်အဆုံး နှင့် စစ်ကိုင်းမြို့အဝင်အနီးရှိ စစ်ဆေးရေးဂိတ်များကို ထပ်တိုးခြင်း ၊ကမ်းနားလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေး ၊စစ်ဆေးရေးဂိတ်များတိုးမြှင့်ထားကြောင်း သိရသည်။ 

ထိုကဲ့သို့လုံခြုံရေးအရ တိုးမြှင့်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိသော်လည်း ပုဂ္ဂလိကိုယ်ပိုင်တိုက်မြင့်များပေါ်တွင် တပ်ဆွဲထားသည်ဟုဆိုသော ကောလဟာလများလည်း ထွက်ပေါ်လျက်ရှိသဖြင့်အတည်ပြုစုံစမ်းခဲ့ရာ မမှန်ကန်ကြောင်း သိရသည်။

အထူးသဖြင့် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာအပေါ်ဆုံးထပ်ရှိ နေထိုင်သည့်သူများကို ဖယ်ရှားခိုင်းကာ တပ်စွဲထားသည်ဟူသော ကောလဟများကို အဆိုပါအိမ်ယာတွင် နေထိုင်သူတစ်ချို့က မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။ 

မတ္တရာနှင့်အနီးတဝိုက် တိုက်ပွဲများဖြစ်ပေါ်နေသဖြင့် ဆက်စပ်နယ်မြေဒေသများမှ မန္တလေးမြို့သို့ ဝင်ရောက်လာခြင်းအား စစ်ဆေးကန့်သတ်မှုများရှိနေသဖြင့် အသွားအလာပြတ်တောက်မှု အချို့ရှိနေကြောင်း ထပ်မံစုံစမ်းသိရသည်။

မန္တလေးမြို့၌ ဇူလိုင် ၁၉ ရက်တွင် မြို့အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီး ပုံမှန်အတိုင်းသွားလာမှုများရှိကာ မြို့တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ကောလာဟလ ပြောဆိုရေးသားသူများကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းမှုများရှိနေကြောင်း သိရသည်။

 

Most Read

Most Recent