လားရှိုးမြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်နားထား

လားရှိုးမြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်နားထား
Published 3 July 2024

လားရှိုးမြိုသို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းဌာနများထံမှ သိရသည်။

လားရှိုးမြို့တွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအရ Myanmar Airways International Mingalar Airline မှ ပျံသန်းပြေးဆွဲလျက်ရှိသော လားရှိုးခရီးစဉ်များအား ဇူလိုင် ၃ ရက်မှာ ခရီးစဉ်ဖျက်သိမ်းထားကြောင်း၊ ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသော လေကြောင်းလိုင်းနဲ့ လက်မှတ်အရောင်းငှာနများထံသို့ ဆက်သွယ်ပြီး ခရီးစဉ်များအတွက် စုံစမ်းမေးမြန်းပါရန်အကြောင်းကြားအပ်ကြောင်း ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်ဖြစ်သည့် Fly With Dream က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လားရှိုးမှ လေကြောင်းခရီးစဉ်များ ယာယီရပ်နားထားခြင်းနှင့်ပတ်သက်ပြီး လားရှိုးဒေသခံတစ်ဦးကလည်း “အခုတော့ လေဆိပ်ပိတ်ထားတယ်လို့ သိရတယ်။ လောလောဆယ်ကတော့ လေယာဉ်ခရီးစဉ်တွေလည်း နားထားတယ်ပြောတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရှမ်းမြောက်တိုက်ပွဲများကြောင့် လားရှိုးလေဆိပ်ကို ငါးလခန့်ပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ်များကိုလည်း ရပ်နားထားခဲ့ရသည်။

သို့သော် ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်တွင် လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခဲ့သည်။

လားရှိုးလေဆိပ်မှတစ်ဆင့် လားရှိုး - ရန်ကုန်၊ လားရှိုး- ဟဲဟိုး၊ လားရှိုး- မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး-မြစ်ကြီးနားလေကြောင်းခရီးစဉ်များ ပြေးဆွဲကြကြောင်း သိရသည်။

Most Read

Most Recent