ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေသည်ဟု မိုးဇလ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေသည်ဟု မိုးဇလ ထုတ်ပြန်
Published 29 June 2024

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီဖြစ်သော်လည်း မုတ်သုံလေ အားကောင်းနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဇွန် ၂၉ ရက် နံနက် ၉ နာရီခွဲတွင်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(သြရိဿ မြောက်ပိုင်းကမ်းလွန်)တွင် ဖြစ်ပေါ်နေသောလေဖိအားနည်း ရပ်ဝန်းသည် အားလျော့သွားပြီဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေကြောင်း မိုးဇလက ထုတ်ပြန်သည်။

ယင်းကြောင့်လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ် တောင်များ ဖြစ်ထွန်းနေသည်ဟု သိရသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

လွန်ခဲ့သော၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍မိုးကြီးခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခန္တီးမြို့တွင် ၃ ဒသမ ၄၂ လက်မ၊ မချမ်းဘောမြို့တွင် ၂ ဒသမ ၇၆ လက်မ၊ ဟုမ္မလင်းမြို့တွင် ၂ ဒသမ ၅၂ လက်မ၊ ဘီးလင်းမြို့တွင် ၁ ဒသမ ၉၇ လက်မ၊ ပူတာအိုမြို့တွင် ၁ ဒသမ ၈၅ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၁ ဒသမ ၇၇ လက်မ၊ ရွှေကျင်မြို့တွင် ၁ ဒသမ ၅၈ လက်မ၊ အမ်းမြို့တွင် ၁ ဒသမ ၅၃ လက်မ၊ ဖြူးမြို့တွင် ၁ ဒသမ ၅၁ လက်မနှင့် ဓနုဖြူမြို့တွင် ၁ ဒသမ ၄၃ လက်မတို့ ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်သည်။

Most Recent