ယူရို-၂၀၂၄ ပြိုင်ပွဲတွင် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်းအတွက် FIGC ဥက္ကဋ္ဌ ဂရာဗီနာ တောင်းပန်ခဲ့သော်လည်း နည်းပြ စပယ်လက်တီ ဆက်ရှိမည်ဟု ဆို

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်းအတွက် FIGC ဥက္ကဋ္ဌ ဂရာဗီနာ တောင်းပန်ခဲ့သော်လည်း နည်းပြ စပယ်လက်တီ ဆက်ရှိမည်ဟု ဆို
Photo : Getty Images
Photo : Getty Images
Published 1 July 2024

အီတလီဘောလုံးအဖွဲ့ချုပ် (FIGC)ဥက္ကဋ္ဌ ဂရာဗီနာသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အီတလီအသင်း (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်းအတွက် အီတလီပရိသတ်များကို တောင်းပန်ခဲ့သော်လည်း နည်းပြ စပယ်လက်တီမှာမူ လက်ရှိရာထူးတွင် ဆက်ရှိမည်ဟု အတည်ပြုပြောကြားခဲ့သည်။

အီတလီအသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သော်လည်း (၁၆) သင်းအဆင့်မှာပင် ဆွစ်ဇာလန်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရသည်။ ထို့ကြောင့် နည်းပြ စပယ်လက်တီအား ရာထူးမှ ထုတ်ပယ်ရန် (သို့မဟုတ်) ကိုယ်တိုင်နုတ်ထွက်ရန် တောင်းဆိုမှုများရှိလာခဲ့သော်လည်း ဂရာဗီနာက ၎င်းအား ယုံကြည်မှုရှိသည့်အတွက် အသင်းတွင် ဆက်ရှိသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဂရာဗီနာက ဂျာမနီနိုင်ငံသို့ ပရိသတ်များစွာလာရောက်အားပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ "ဒီပြိုင်ပွဲကို အီတလီပရိသတ် (၄၀၀၀၀)ဝန်းကျင် လာရောက်အားပေးခဲ့တာက အပေါင်းလက္ခဏာဆောင်ပါတယ်။ ဒီအတွက်လည်း ကျေးဇူးလည်းတင်ပါတယ်။ အီတလီပရိသတ်တွေက ပျော်ရွှင်မှုနဲ့ ထိုက်တန်သူတွေဖြစ်ပေမဲ့ ကျွန်တော်တို့ လုပ်မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီအတွက် စိတ်ပျက်နေလို့ မရပါဘူး။ ဒါကို တုံ့ပြန်နိုင်အောင် လုပ်ဆောင်သွားရမှာပါ။ ပြီးခဲ့တဲ့ညက နည်းပြ၊ ဘူဖွန်၊ တစ်သင်းလုံးနဲ့ စကားပြောခဲ့ပါတယ်။ ကောင်လေးတွေက အားလုံးအတွက် တာဝန်ယူကြသလို၊ ကျွန်တော်တို့အားလုံးလည်း တာဝန်ယူပါတယ်"ဟု ဂရာဗီနာက ပြောကြားခဲ့သည်။

နည်းပြ စပယ်လက်တီကလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ အီတလီအသင်း၏ ရှုံးပွဲအတွက် တာဝန်ယူကြောင်း ပြောကြားခဲ့သည်။ "ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော်တို့ ကျရှုံးခဲ့ရတာဟာ ကျွန်တော့်ရဲ့ လူရွေးချယ်မှုကြောင့်ပါ။  ကစားသမားတွေကြောင့် မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။ စပယ်လက်တီသည် ဆွစ်ဇာလန်နှင့်ပွဲတွင် ပွဲထွက်ကစားသမားစာရင်းကို (၆)နေရာအထိ အပြောင်းအလဲပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် စပယ်လက်တီက ၎င်းအနေဖြင့် အခြားနည်းပြများလောက် ပြင်ဆင်ချိန်လုံလောက်စွာ မရခဲ့ကြောင်းလည်း အကြောင်းပြချက်ပေးခဲ့သည်။ အခြားနည်းပြများက ပြိုင်ပွဲကြီးတစ်ခုမတိုင်မီ ပွဲ(၃၀)အထက် ကိုင်တွယ်ကာ ပြင်ဆင်ချိန်ရခဲ့သော်လည်း ၎င်းအနေဖြင့်မူ (၁၀)ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ စပယ်လက်တီသည် အီတလီနည်းပြရာထူးမှ မန်စီနီ ရုတ်တရက်နုတ်ထွက်သွားသည့်အတွက် ၂၀၂၃ စက်တင်ဘာ (၁)ရက်နေ့တွင် နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်မီ ကိုင်တွယ်ခဲ့သည့် (၁၀)ပွဲ၌ အင်္ဂလန်ကိုသာ ရှုံးနိမ့်ပြီး (၆)ပွဲနိုင်၊ (၃)ပွဲသရေကျကာ ရလဒ်ကောင်းခဲ့သော်လည်း ယူရိုပြိုင်ပွဲတွင်မူ အုပ်စုတွင်း နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့သည်။

သို့သော် FIGC ဥက္ကဋ္ဌ ဂရာဗီနာက စပယ်လက်တီကို ရေရှည်လက်တွဲရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယုံကြည်မှုရှိသည်ဟု ဆိုခဲ့သည်။ "မနေ့က နည်းပြနဲ့ စကားအကြာကြီး ပြောဖြစ်ပါတယ်။ နှစ်ရှည်စီမံကိန်းချမှတ်ထားတာကို (၉) လလောက်နဲ့ အဆုံးသတ်လိုက်တာက ပြဿနာကို ပြေလည်စေမယ့် ဖြေရှင်းနည်းမဟုတ်ဘူးလို့လည်း ထင်ပါတယ်။ လာမယ့် ရက်(၆၀)အတွင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအသစ်အတွက် စပယ်လက်တီကို ယုံကြည်မှုရှိပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent