Mingalar လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် လားရှိုးမြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ဇူလိုင် ၇ ရက်ထိ ရပ်နားထား

Mingalar လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် လားရှိုးမြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များ ဇူလိုင် ၇ ရက်ထိ ရပ်နားထား
Published 4 July 2024

Mingalar လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေသည့် လားရှိုးမြို့သို့ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များကို ဇူလိုင် ၇ ရက်ထိ ရပ်နားထားကြောင်း သတင်းရရှိသည်။

“Mingalar လေကြောင်းလိုင်းက လားရှိုးမြို့ကို နေ့စဉ်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေကို ဇူလိုင် ၇ ရက်ထိ ရပ်နားထားပါတယ်” ဟု ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ Myanmar Airways International Mingalar မှ ပျံသန်းပြေးဆွဲလျက်ရှိသော လားရှိုးခရီးစဉ်များကို ဇူလိုင် ၃ ရက်တွင် ခရီးစဉ်ဖျက်သိမ်းထားကြောင်း၊ ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသော လေကြောင်းလိုင်းနှင့် လက်မှတ်အရောင်းငှာနများထံသို့ ဆက်သွယ်ပြီး ခရီးစဉ်များအတွက် စုံစမ်းမေးမြန်းပါရန် အကြောင်းကြားအပ်ကြောင်း ပြည်တွင်းလေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်ဖြစ်သည့် Fly With Dream က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Mingalar လေကြောင်းလိုင်းက ရန်ကုန်မြို့အခြေပြု၍ ရှမ်းပြည်နယ်ရှိမြို့များဖြစ်သည့် ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ ပြည်တွင်းခရီးစဉ်များ ပျံသန်းနေပြီး ၂၁၈၅၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mingalar လေကြောင်းလိုင်းသည် ရန်ကုန်-ဟဲဟိုးခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး ၂၁၈၅၀၀ ကျပ်မှ စတင်၍လည်းကောင်း၊ ရန်ကုန်-တာချီလိတ်ခရီးစဉ်အား ဗုဒ္ဓဟူးနေ့မှလွဲ၍ အပတ်စဉ် ၆ ကြိမ်ပျံသန်းနေပြီး ၄၂၁၅၀၀ ကျပ်မှစတင်၍လည်းကောင်း၊ ရန်ကုန်-ကျိုင်းတုံခရီးစဉ်အား သောကြာနေ့မှလွဲ၍ အပတ်စဉ် ၆ ကြိမ်ပျံသန်းနေပြီး ၃၈၇၅၀၀ ကျပ်မှစတင်၍လည်းကောင်း အသီးသီးပျံသန်းနေခြင်းဖြစ်သည်။

Mingalar လေကြောင်းလိုင်းက Embraer E 190 လေယာဉ်များဖြင့် ရန်ကုန်မြို့အခြေပြု၍ ပူတာအို၊ မြစ်ကြီးနား၊ ဟဲဟိုး၊ ဟုမ္မလင်းစသည့်မြို့များအပါအဝင် ပြည်တွင်းများသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၁၆၉၉၉၉ ကျပ်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Mingalar လေကြောင်းလိုင်းက ရန်ကုန်-မြစ်ကြီးနားခရီးစဉ်အား ကျပ် ၄၄၅၀၀၀ မှစတင်၍လည်းကောင်း၊ ရန်ကုန်-မန္တလေးခရီးစဉ်အား ကျပ် ၁၆၉၉၉၉ မှစတင်၍လည်းကောင်း၊ ရန်ကုန်-ဟဲဟိုးခရီးစဉ်အား ၂၁၈၅၀၀ မှစတင်၍လည်းကောင်း၊ ရန်ကုန်-ပူတာအို ခရီးစဉ်အား ၄၈၀၀၀၀ မှစတင်၍လည်းကောင်း၊ ရန်ကုန်-ဟုမ္မလင်း ခရီးစဉ်အား ၃၉၅၀၀၀ မှစတင်၍လည်းကောင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်အား ၁၈၅၀၀၀ မှစတင်၍လည်းကောင်း၊ ရန်ကုန်-ညောင်ဦးခရီးစဉ်အား ၂၇၅၅၀၀ မှစတင်၍လည်းကောင်း ပျံသန်းနေခြင်းဖြစ်သည်။

Most Read

Most Recent