၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်
Published 23 May 2024

၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးနေပြီး ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူဦးကြီးများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုး ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေ ၂၀ ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

သို့ဖြစ်ရာ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအနေဖြင့် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း မြန်မာ့လယ်ယာဖွ့ံဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက် ရှိသူတောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ချေးငွေရယူလိုသော တောင်သူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များအတိုင်း ချေးငွေလျှောက်ထားရခြင်းဖြစ်သည်။

Most Read

Most Recent