မန္တလေးမြို့တွင် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ ဖုန်းအရောင်းဆိုင်များနှင့် ခရီးသွားများထံမှ ရွှေထည်ပစ္စည်းများ လုယက်မှုတို့ ကျူးလွန်သူ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးမြို့တွင် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ ဖုန်းအရောင်းဆိုင်များနှင့် ခရီးသွားများထံမှ ရွှေထည်ပစ္စည်းများ လုယက်မှုတို့ ကျူးလွန်သူ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Published 16 June 2024

မန္တလေးမြို့တွင် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ ဖုန်းအရောင်းဆိုင်များနှင့် ခရီးသွားများထံမှ ရွှေထည်ပစ္စည်းများ လုယက်မှုတို့ ကျူးလွန်သူ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ အထိတ်တလန့် ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်၌ ဖောက်ခွဲရေးသုံးပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဇွန် ၁၂ ရက် ညပိုင်းတွင် မန္တလေးမြို့ပေါ် ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာမြိုင်( ၂)ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့တွင် အမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံး တစ်လုံးနှင့် ဓားမြှောင်တစ်ချောင်းတို့အား ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ခြိမ်းခြောက်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန် ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ်နေ ဝင်းမြိုင် အား လက်ပစ်ဗုံး တစ်လုံး၊ အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းဖြင့် ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဓားကိုင်ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ်နေ  ကျော်ဇေယျာအား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အလားတူ မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ)ရှရစ်ဘိုင် အား ဇွန် ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ)ရှရစ်ဘိုင် သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့် လုယက်မှု နှစ်မှုတို့ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရဖူးသူဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည် ဖမ်းဆီးရန်ကျန် ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော်ဘုရားအရှေ့ဘက် ပွဲရုံတိုက်တန်းအနီး၊ မြစ်ငယ်-စစ်ကိုင်းသွားကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်းချောသွားကားလမ်းရှိ စိတ်ကျန်းမာရေးဆေးရုံအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ နတ်ရေကန်ကျေးရွာအနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံခွန်တိုင်အဝိုင်းအနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး၊ စုစုပေါင်းနေရာ (၇)ခုတို့တွင် ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများအား လုယက်မှု (၇)ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှ ဖမ်းဆီးရန်ကျန် မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးအား ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် ကျော်ဇင်ခန့်(ခ)ငပြူးအား မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသားအား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း၊ အခန်းအမှတ်(၃၀၅)တွင်လည်းကောင်း လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် iPhone အမျိုးအစား လက်ကိုင်ဖုန်း ၉ လုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် ၂ ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှုကျူးလွန်စဉ် ဖမ်းဆီးရန်ကျန် စဥ့်ကူး မြို့နယ်၊ လက်ပံလှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိက ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော်၊ မောင်မောင်ချစ်၊ ဌေးမင်းသူတို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း၊ သက်သက်ဦးနှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင်တို့အား ဇွန် ၁၃ ရက် နေ့လယ် ၂ နာရီအချိန်တွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့်(ခ)ငပြူး၊ ဟိန်းမင်းစိုး(ခ)ဖိုးသားနှင့် ဖမ်းဆီးရန် ကျန်တရားခံ မိုးဆန်းအောင်(ခ)ပိစိတို့ ၃ ဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှု ၃ မှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး  အဆိုပါ အမှုများမှ CZI အမျိုးအစား သက်သေခံဆိုင်ကယ်  ၁ စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံ ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ ကြသူ ဖမ်းဆီးရမိ တရားခံ စုစုပေါင်း(၁၁)ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံနှင့် ဖမ်းဆီးရန်ကျန်တရားခံများ ထပ်မံဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent