တစ်အိမ်ထောင်လျှင် သက်သာသောဈေးဖြင့် ပေါ်ဆန်တစ်အိတ်နှင့် ဧည့်မထတစ်အိတ်စီ ဇွန် ၂၄ ရက်မှ စတင်၍ ရောင်းချ

တစ်အိမ်ထောင်လျှင် သက်သာသောဈေးဖြင့် ပေါ်ဆန်တစ်အိတ်နှင့် ဧည့်မထတစ်အိတ်စီ ဇွန် ၂၄ ရက်မှ စတင်၍ ရောင်းချ
Published 24 June 2024

တစ်အိမ်ထောင်လျှင် သက်သာသောဈေးဖြင့် ပေါ်ဆန်တစ်အိတ်နှင့် ဧည့်မထတစ်အိတ်စီ ဇွန် ၂၄ ရက်မှ စတင်၍ ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါဆန်ရောင်းချမှုကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ရောင်းချမှုကို စားသုံးသူပြည်သူများအတွက်သာ ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူသူမှ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ်(၁)အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ်(၁)အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူနှင့် အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦး၏ မှတ်ပုံတင်(မူရင်း)တို့ဖြင့် လာရောက်ဝယ်ယူရမည်ဖြစ်သည်။

ပြန်လည်ရောင်းချရန် ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည် မဟုတ်ကြောင်းသိရသည်။

ဇွန် ၂၄ ရက်ကစတင်၍ နေ့စဉ် နံနက် ၉း၃ဝ နာရီမှ ညနေ ၃း၃ဝ နာရီအထိ ရောင်းချပေးလျှက်ရှိကာ လမ်းမတော်မြို့နယ်  ဝါးတန်းဆိပ်ကမ်းနယ်မြေရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင်လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းရှိ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။

‌သတ်မှတ်ဈေးနှုန်းများမှာ (၁) ရွှေဘိုပေါ်ဆန်းတစ်အိတ် လျှင် ၁၃၅ဝဝဝ - ၁၄၅ဝဝဝ ကျပ်ထိ၊(၂) ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀၀၀၀ - ၁၂ဝဝဝဝ ကျပ်ထိ၊ (၃) ဧည့်မထ(၁၅%) တစ်အိတ်လျှင် ၇၂ဝဝဝ = ၇၅ဝဝဝ ကျပ်ထိ သတ်မှတ်ရောင်းပေးနေကြောင်း သိရသည်။

Most Read

Most Recent