တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့ပေါ်တွင် အရပ်သားဝတ်စုံဝတ်ထားသည့်အလောင်းများ ထပ်မံတွေ့ရှိရ

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့ပေါ်တွင် အရပ်သားဝတ်စုံဝတ်ထားသည့်အလောင်းများ ထပ်မံတွေ့ရှိရ
Published 28 June 2024

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့တွင် အရပ်သားဝတ်စုံဝတ်ထားသည့်အလောင်းများ ထပ်မံတွေ့ရှိရပြီး ဒေသခံလူမှု ကူညီရေးအသင်းများ လိုက်လံရှင်းလင်းနေရကြောင်း ကျောက်မဲဒေသခံများက ပြောကြားသည်။

“ ဒီနေ့လည်း ထပ်တွေ့ပါတယ်။ ကျွန်တော်တို့စာရင်းတော့ သေချာမလုပ်နိုင်သေးဘူး။ အခု မြို့ပေါ်မှာရှိတဲ့ အလောင်းတွေကို လိုက်လံရှင်းလင်းနေရတယ်”ဟု ကျောက်မဲမြို့ခံ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာ ဝန်ရှိသူတစ်ဦးက ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

ဇွန် ၂၅ ရက်မှ စတင်ကာ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာလက်ရှိတွင် ကျောက်မဲမြို့ပေါ်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့်အခြေအနေဖြစ်နေသည်ဟု ကျောက်မဲဒေသခံများက ပြောကြားသည်။

“ဒီနေ့ကတော့ အပေါ်က လေယာဉ်သံတွေလည်း ကြားရတယ်။ ပစ်ခတ်သံတွေ လည်းကြားနေရတယ်။ မြို့ပေါ်ကလူတွေကတော့ အကုန်လုံးနီးပါးလောက် မြို့ပြင်ဘက်ထွက်ရှောင်နေရတယ်”ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောကြားသည်။

ဇွန် ၂၆ ရက်တွင် ကျောက်မဲမြို့ပေါ်တွင် အရပ်သားဝတ်စုံများ ဝတ်ဆင်ထားသည့် အလောင်း ၂၁ လောင်းတွေ့ရှိခဲ့ရပြီး ဒေသခံပရဟိတအသင်းများက ကောက်ယူသဂြိုဟ် ပေးခဲ့ရသည်။

ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း ကျောက်မဲနှင့် နမ့်ခုံးရှမ်းများပရဟိတအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်တွင်တွေ့ရှိခဲ့ရသည့် အလောင်းများကို သယ်ယူကာ သင်္ဂြိုဟ်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် ရှောင်နေသူအချို့သာရှိကြောင်း၊ ရဲစခန်းနှင့် လက်နက်ကြီးကျည် ကျရောက်သည့် လမ်းကြောင်းပေါ်တွင်ရှိသည့်နေရာအနီးတွင် နေထိုင်သူများမှာ တိမ်းရှောင်ရခြင်းများရှိသည်ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောကြားသည်။

ဇွန် ၂၅ ရက်မှစ၍ ကျောက်မဲမြို့အနီးတစ်ဝိုက်တပ်မတော်နှင့် TNLAတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၂၆ ရက်တွင် မြို့ပေါ်နေရာအချို့တွင်လည်း ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent