သမ္မတနှင့် သမ္မတဟောင်းတို့၏ ပထမဆုံးစကားစစ်ထိုးပွဲတွင် တစ်ဦးနှစ်တစ်ဦး အပြန်အလှန်ထိုးနှက်ခဲ့ကြပြီး အထနှေးခဲ့သည့် ဂျိုးဘိုင်ဒင်ကို ဒေါ်နယ်ထရန့်က အသာရခဲ့သည်ဟု စစ်တမ်းများတွင် ဖော်ပြ

သမ္မတနှင့် သမ္မတဟောင်းတို့၏ ပထမဆုံးစကားစစ်ထိုးပွဲတွင် တစ်ဦးနှစ်တစ်ဦး အပြန်အလှန်ထိုးနှက်ခဲ့ကြပြီး အထနှေးခဲ့သည့် ဂျိုးဘိုင်ဒင်ကို ဒေါ်နယ်ထရန့်က အသာရခဲ့သည်ဟု စစ်တမ်းများတွင် ဖော်ပြ
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ CNN စတူဒီယို၌ ထရန့်နှင့် ဘိုင်ဒင်တို့ စကားစစ်ထိုးနေပုံကို ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ CNN စတူဒီယို၌ ထရန့်နှင့် ဘိုင်ဒင်တို့ စကားစစ်ထိုးနေပုံကို ဇွန် ၂၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 28 June 2024

ကိုယ်ရေးကိုယ်တာတိုက်ခိုက်စော်ကားမှုများရှိခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အားမာန်ပါသော စကားစစ်ထိုးပွဲတွင် အထနှေးနေသော ဂျိုးဘိုင်ဒင်သည် ဒုတိယသမ္မတသက်တမ်းအတွက် ၎င်းသည် အသက်အရွယ်ကြီး လွန်းပြီဟူသော ပူပန်မှုများကို ဖြေဖျောက်ပေးရန် ရုန်းကန်ခဲ့ရသည်။

အရည်မရအဖတ်မရ လူအထင်ကြီးစရာ စကားများကို ပြောတတ်သော ဒေါ်နယ်ထရန့်က ၎င်း၏နေရာကို ဆက်ခံသူ ဂျိုးဘိုင်ဒင်ကို စီးပွားရေး၌ ကျရှုံးသူ၊ ကမ္ဘာ့စင်မြင့်ထက်၌ ကျရှုံးသူဟု ဝေဖန်တိုက်ခိုက်ခဲ့သည်။

ဘိုင်ဒင်က ထရန့်ကို တုံ့ပြန်ခဲ့သည်ဆိုသော်လည်း ဘိုင်ဒင်သည် စကားကိုမြန်မြန်ပြောသည့်အခါ အသံတိမ်ဝင်သွားခြင်း၊ လည်ချောင်းသံပါနေခြင်း၊ စကားကို ဗလုံးဗထွေးပြောခြင်းတို့ဖြစ်ခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။

ပြင်ဆင်မှုများပြုလုပ်ရန်တစ်ပတ်ကြာ တစ်ကိုယ်တည်းနေခဲ့ပြီးနောက် ဘိုင်ဒင်၏ စွမ်းဆောင်ရည်သည် ဒီမိုကရက်တစ်ပါတီတွင်း၌ပင် စိုးရိမ်ပူပန်မှုအသစ်များကို ပေါ်ပေါက်စေခဲ့သည်။ ယင်းသို့သော အနေအ ထားတွင် နိုဝင်ဘာရွေးကောက်ပွဲအတွက် သဘောထားစစ်တမ်းများတွင် ထရန့်က ဘိုင် ဒင်နှင့်တန်းတူလိုက်နေခြင်းသို့မဟုတ် ဘိုင်ဒင်ထက် အသာရနေခြင်းတို့ရှိနေသည်။

ယခုစကားစစ်ထိုးပွဲသည် သမ္မတနှင့် သမ္မတဟောင်းတို့၏ ပထမဆုံးစကားစစ်ထိုးပွဲဖြစ်ခဲ့ပြီး သမိုင်း၏အဆိုးရွားဆုံးသမ္မတအဖြစ် တစ်ဦးကိုတစ်ဦး အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

အသက် ၈၁ နှစ်အရွယ် ဘိုင်ဒင်နှင့် ၇၈ နှစ်အရွယ် ထရန့်တို့သည် အတ္တလန်တာမြို့ရှိ CNN သတင်းဌာနချုပ်၌ပြုလုပ်သော စကားစစ်ထိုးပွဲတွင် စကားပြောစင်မြင့်သို့ လမ်းလျှောက်သွားကြသည့်အခါ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့ပေ။ တက်ရောက်လာသောပရိသတ်မရှိပေ။ တစ်ဦးက စကားပြောသည့်အခါ အခြားတစ်ဦး၏မိုက်ခွက်ကို အသံပိတ်ထားခဲ့သည်။

အအေးမိထားသည်ဟု ပြောသော ဘိုင်ဒင်က ကြိုတင်ဇာတ်တိုက်လာသောစကားလုံးများဖြင့် ထရန့်ကြို တိုက်ခိုက်ရာ၌ ထရန့်သည် ပထမဆုံး ပြစ်ဒဏ်စီရင်ခံရသော အပြစ်သားအဖြစ် အိမ်ဖြူတော်ကို ရောက် လာသူဖြစ်လိမ့်မည်ဟု ရုပ်သံကြည့်ပရိတ်သတ်သန်းပေါင်းများစွာကို ပြောကြားခဲ့သည်။

“ခင်ဗျားဟာ လမ်းကြိုလမ်းကြားက ကြောင်တစ်ကောင်ရဲ့စိတ်ဓာတ်မျိုးရှိသူ ဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

စည်းရုံးရေးပွဲများ၊ ရုပ်သံတင်ဆက်သည့်ပွဲများ၌ အပြောအဆိုအတွေ့အကြုံများသော ထရန့်က ဘိုင်ဒင်၏မှတ်တမ်းကို စာရင်းရှည်ကြီးလုပ်ကာ ပြောဆိုသည့်အခါ ကျယ်လောင်စွာ ပြောဆိုခဲ့သည်။

“ကျွန်တော့်မှာ မိတ်ဆွေ အများကြီးရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပျက်နေတာတွေကို သူတို့ဟာ မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ဟာ လေးစားခံရတဲ့အနေအထားမရှိတော့ပါဘူး”ဟု ထရန့်က ပြောကြားခဲ့သည်။

တစ်ကြိမ်တွင် ထရန့်က ဘိုင်ဒင်၏ ပြောဆိုပုံကို ဝေဖန်ရာ၌ “အဲဒီဝါကျအဆုံးမှာ သူဘာပြောသွားသလဲဆိုတာကို ကျွန်တော်တကယ်မသိပါဘူး။ သူပြောတာကို သူသိနေတယ်လို့လည်း ကျွန်တော်မထင်ပါဘူး”ဟု ပြောကြားခဲ့သည်။ ယခုပွဲတွင် ထရန့်နိုင်သည်ဟု စစ်တမ်းများကဆိုသည်။

Ref: AFP

Most Read

Most Recent