ထိုင်ဝမ်သမ္မတသစ် ရာထူးအပ်နှင်းပွဲအခမ်းအနားသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်

ထိုင်ဝမ်သမ္မတသစ် ရာထူးအပ်နှင်းပွဲအခမ်းအနားသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်
ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အောင်ပွဲခံနေသည့် ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကိုတွေ့ရစဉ်(Photo: AFP)
ဇန်နဝါရီ ၁၃ ရက်က ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အောင်ပွဲခံနေသည့် ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကိုတွေ့ရစဉ်(Photo: AFP)
Published 16 May 2024

မေ ၂၀ ရက်တွင် ထိုင်ဝမ်ရွေးကောက်ခံ သမ္မတလိုင်ချင်းတယ် သမ္မတရာထူးလက်ခံရယူမည့် အခမ်းအနားသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကအစိုးရတာဝန်ရှိသူဟောင်းများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေ လွှတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသည် တရုတ်၏အမျက်ဒေါသကို ရှောင်လွှဲနိုင်ရန်ချိန်ညှိစီစဉ်လျက် ထိုင်ဝမ်အပေါ် ထောက်ခံမှုကိုပြသသည့် လုပ်ဆောင်မှုလည်းဖြစ်သည်။

ထိုင်ဝမ်သမ္မတသစ် ရာထူးအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ရန် သမ္မတဘိုင်ဒင်က ဒီမိုကရက်နှင့် ရီပတ်ဘလီကင် နှစ်ပါတီစလုံးမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်ကာ ၎င်းကိုယ် စားလှယ်အဖွဲ့တွင် အိမ်ဖြူတော် စီးပွားရေးအကြံပုဂ္ဂိုလ်ဟောင်း ဘရိုင်ယန်ဒက်ဆီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူဟောင်း ရစ်ချက်ဒ် အာမီတေ့ဂျ်၊ ဘရွတ်ကင်းစ် အင်စတီကျူးရှင်း ပညာရှင်အဖွဲ့မှ ထိုင်ဝမ်အရေးကျွမ်းကျင်သူ ရစ်ချက်ဒ်ဘွတ်ရှ်နှင့် အမေရိကန်-ထိုင်ဝမ် အလွတ်သဘော ဆက်ဆံမှုများကို စီမံခန့်ခွဲသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းမှ တာဝန်ရှိသူ လော်ရာရိုဆန်ဘာဂါတို့ ပါဝင်မည်ဟု အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီသီတင်းပတ်ကုန်မှာ တိုင်ပေကိုသွားရောက်မှာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့ဟာ မေ ၂၀ ရက် ထိုင်ဝမ်သမ္မတသစ်ရာ  ထူးအပ်နှင်းပွဲကို တက်ရောက်ကာ ထိုင်ဝမ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်တယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။

ယခင်လုပ်ထုံးလုပ်နည်းများ အတိုင်းပင်လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန်၏ မူဝါဒ ပြောင်းလဲခြင်းမဟုတ်ကြောင်းနှင့် တရုတ်ကစစ်ရေးအရ ဖိအားပေးမှုနှင့် နိုင်ထက်စီးနင်းပြုမူမှုများ ထပ်မံလုပ်ဆောင်ပါက တရုတ်သည် ရည်ရွယ်ချက်ရှိရှိ ပြဿနာဖန်တီးသူဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ(DPP)၏ ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမား ဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ် လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။

သမ္မတ ဆိုင်အင်းဝမ်ကဲ့သို့ပင် ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကလည်း ထိုင်ဝမ်သည် တရုတ်၏အချုပ်အခြာ အာဏာပိုင် ဖြစ်သည်ဟူသော ပြောဆိုချက်ကို ပယ်ချထားပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဟု ဆိုသည်။

၁၉၇၉ ခုနှစ်တွင် အမေရိကန်က တရုတ်ကို ပြောင်းလဲအသိအမှတ်ပြုချိန်မှစ၍ အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် သံတမန်ရေးနှင့် စစ်ဘက်ဆက်ဆံရေးထူထောင်ခြင်းမရှိတော့သည့်တိုင် အမေရိကန်သည် ၎င်း၏ ဥပဒေအရ ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အကူအညီပေးခွင့်ရှိသည်။ အမေရိကန်သည် နိုင်ငံတကာမျက်နှာစာ၌ ထိုင်ဝမ်ကို ကျောထောက်နောက်ခံပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။

ထိုင်ဝမ်တိုက်ခိုက်ခံရမည်ဆိုလျှင် အမေရိကန်က ထိုင်ဝမ်ကျွန်းကို အကာအကွယ်ပေးမည်ဟု ရည်ညွှန်းပြောဆိုခဲ့သည့် သမ္မတဘိုင်ဒင်၏ မှတ်ချက်စကားသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်လာလျှင် မပြတ်သားသော မဟာဗျူဟာကို ကျင့်သုံးခဲ့သည့် အမေရိကန်၏ ကာလရှည် ရပ်တည်ချက်မှ သွေဖည်သွားခြင်း ကြောင့် တရုတ်အစိုးရကို အမျက်ဒေါသထွက်စေခဲ့သည်။                    

Ref: Reuters

Most Read

Most Recent