လက်ဘနွန်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏မဟာမိတ်ဖြစ်သည့် ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ ခေါင်းဆောင်တစ်ဦး သေဆုံး

လက်ဘနွန်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏မဟာမိတ်ဖြစ်သည့် ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ ခေါင်းဆောင်တစ်ဦး သေဆုံး
ဇွန် ၂၂ ရက်က လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် ဂျမား အစ္စလာမ်မီးယားအဖွဲ့ဝင်တစ်ဦး၏ ကားအနီးတွင် လုံခြုံရေးများကိုတွေ့ရစဉ်
ဇွန် ၂၂ ရက်က လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့်  ထိခိုက်ပျက်စီးခဲ့သည့် ဂျမား အစ္စလာမ်မီးယားအဖွဲ့ဝင်တစ်ဦး၏ ကားအနီးတွင် လုံခြုံရေးများကိုတွေ့ရစဉ်
Published 24 June 2024

လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၂ ရက်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်ဟု လုံခြုံရေးသတင်း ရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် တွင် အစ္စရေးနှင့် ဟားမာ့စ်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက လက်ဘနွန်၏ အင်အားကြီးမားသည့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့်အခြား မဟာမိတ်အဖွဲ့များသည် ပါလက်စတိုင်းစစ် သွေးကြွမှုများနှင့်အတူ အစ္စရေး၏နယ်စပ်ဒေသကို နေ့စဉ်နီးပါး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

“ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ အယ်ဖာဂျာတပ်ဖွဲ့ခေါင်းဆောင် အိုင်မန်ဂိုတမာ သည် ဆီးရီးယားနယ်စပ်နှင့် ၁ဝကီလိုမီတာ (ခြောက်မိုင်)အကွာရှိ အနောက်ဘက်ကာဒေသမှ ခီအာရာမြို့တွင် အစ္စရေး၏တိုက် ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဖာဂျာတပ်ဖွဲ့သည် ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လက်ဘနွန်ကို အစ္စရေး၏ ကျူးကျော်မှုကို တိုက်ခိုက်ရန် ၁၉၈၂ ခုနှစ်က ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် လက်ဘနွန်ရှိ ဟားမာ့စ်အဖွဲ့နှင့် ပူးတွဲစစ်ဆင်ရေးများပြုလုပ်မှုအပါအဝင် အစ္စရေးကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအများအပြားကို လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။

ဂျမားအစ္စလာမ်မီးယားအဖွဲ့၏ လက်နက်ကိုင်အင်အားသည် ၅၀၀ ခန့်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီက ထုတ်ပြန်ချက်တွင် ခီအာရာမြို့တွင် ကားတစ်စီး ပစ်မှတ်ထားတိုက်ခိုက်ခံရသဖြင့် လူတစ်ဦးသေဆုံးခဲ့ပြီး သေဆုံးသူသည် အနီးနားရှိ လာလာကျေးရွာမှဖြစ်ကြောင်းဖော်ပြခဲ့ကာ အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိခဲ့ပေ။

အစ္စရေးစစ်တပ်ကမူ ၎င်းတို့သည် လက်ဘနွန်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမား အိုင်မန်ဂိုတမာကို ချေမှုန်းရန် ဘက်ကာအရပ်တွင် တိကျသည့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်းနှင့် ထိုပုဂ္ဂိုလ်သည် လက်ဘနွန်နိုင်ငံရှိ ဂျမားအစ္စလာမ်မီးယားအဖွဲ့နှင့် ဟားမာ့စ်အဖွဲ့အား လက်နက်များထောက်ပံ့ပေးနေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူသည် အစ္စရေးကို ဆန့်ကျင်သည့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ခဲ့ချိန်ကတည်းက တိုက်ခိုက်ရေးသမား ခုနစ်ဦးဆုံးရှုံးခဲ့ရသည့် ဂျမားအစ္စလာမ်မီးယားအဖွဲ့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဧပြီ ၂၆ ရက်ကလည်း လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုကြောင့် ၎င်းတို့ခေါင်းဆောင်နှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေး-လက်ဘနွန်နယ်စပ်တွင် ရှစ်လကြာ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတွင် အရပ်သား ၉၃ ဦးအပါ အဝင် လူပေါင်း ၄၈၀ ထက်မနည်းသေဆုံးခဲ့ ပြီး သေဆုံးသူအများစုမှာ လက်နက်ကိုင်များ ဖြစ်သည်။

အစ္စရေးနိုင်ငံတွင်မူ အရပ်သား ၁၁ ဦး နှင့် စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း အစ္စရေး- လက်ဘနွန်နယ်စပ်တွင် တင်းမာမှုများမြင့် တက်နေမှုကြောင့် ထိုတိုက်ခိုက်မှုများသည် ဒေသတွင်း ပဋိပက္ခတစ်ခုအဖြစ် ပိုမိုကြီးထွားလာနိုင်မည့်အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။                   

Ref:AFP

Most Read

Most Recent