ရုရှားနယ်မြေထဲအထိ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုကို ထောက်ပံ့ပေးသည့် အနောက်အုပ်စုကို ရုရှားသမ္မတဗလာဒီမာပူတင် ဝေဖန်

ရုရှားနယ်မြေထဲအထိ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုကို ထောက်ပံ့ပေးသည့် အနောက်အုပ်စုကို ရုရှားသမ္မတဗလာဒီမာပူတင် ဝေဖန်
ရုရှားနယ်စပ်အနီး ဆူမီဒေသ၌ ယူကရိန်းတင့်ကားတပ်ဖွဲ့ဝင်နှစ်ဦး  ဆိုဗီယက်လုပ် T-72 တင့်ကားပေါ်တွင် နားနေပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရုရှားနယ်စပ်အနီး ဆူမီဒေသ၌ ယူကရိန်းတင့်ကားတပ်ဖွဲ့ဝင်နှစ်ဦး  ဆိုဗီယက်လုပ် T-72 တင့်ကားပေါ်တွင် နားနေပုံကို သြဂုတ် ၁၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 13 August 2024

ရုရှားနယ်မြေထဲအထိ ယူကရိန်း၏ရှောင်တခင် ကျူးကျော်တိုက်ခိုက်မှုကို ထောက်ပံ့ပေးသည့်အတွက် အနောက်အုပ်စုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် တစ်ရက်အကြာ သြဂုတ် ၁၃ ရက်တွင် ယူကရိန်းက ရုရှားနယ်စပ်ဒေသကာ့ရှ်ကို လောလောလတ်လတ် ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ယူကရိန်းက လွန်ခဲ့သော သီတင်းတစ်ပတ်ကျော်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် စတုရန်းကီလိုမီတာ ၁,၀၀၀ သိမ်းပိုက်ထားသည်ဟုဆိုသော ကာ့ရှ်ဒေသတွင် ရုရှားလေကြောင်းကာကွယ်ရေး တပ်ဖွဲ့က ဒရုန်း ၁၂ စင်းကို ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို အင်အားအပြည့်သုံးပြီး ရုရှားကျူးကျော်ပြီးနောက်ပိုင်း ရုရှားပိုင်နက်ထဲကို ယူကရိန်း၏အကြီးမားဆုံးကျူးကျော်မှုသည် ဖြစ်လာနိုင်ဖွယ်ရာရှိသည့် ငြိမ်းချမ်းရေး ဆွေး နွေးပွဲများမတိုင်မီ ယူကရိန်း၏စေ့စပ်ဆွေးနွေးမှုအနေအထား တိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သြဂုတ် ၁၂ ရက်တွင် ပူတင်က ပြောကြားခဲ့သည်။

အနောက်အုပ်စုကဆရာကြီးများ၏ အကူအညီဖြင့် ကိယက်ဗ်သည် ယူကရိန်း၌ ရုရှားလုပ်ဆောင်နေသော အထူးစစ်ဆင်ရေးတွင် ရုရှားတပ်ဖွဲ့များရှေ့တိုးမှု နှေးကွေးသွားစေရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ကာ့ရှ်ဒေ သကို ယူကရိန်းဝင်ရောက်တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အများပြည်သူသိအောင် အသေးစိတ်ပြောကြားရာတွင် သမ္မတပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားအရပ်သားများကိုလည်းကောင်း၊ နျူကလီးယားစက်ရုံများကိုလည်းကောင်း အရမ်းကာရော ပစ်ခတ်နေသည့် ရန်သူယူကရိန်းနှင့် ဆွေးနွေးမှုများ ဖြစ်နိုင်ပါမည်လောဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်မြေထဲတွင် ရှေ့ကို ဆက်လက်ချီတက်နေသည်ဟု သြဂုတ် ၁၂ ရက်တွင် ယူကရိန်းတပ်မှူးကြီး အိုလက်ဇန်ဒါဆိုင်ရီစကီးက သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ကာ့ရှ်ဒေသမှာ ထိုးစစ်ဆင်တာကို  ဆက်လက်လုပ်ဆောင်နေပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ဟာ ရုရှားပြည်ထောင်စုရဲ့နယ်မြေ ၁,၀၀၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားပါတယ်”ဟု ဇယ်လန်းစကီး၏တယ်လီဂရမ်အကောင့်တွင် တင်ထားသောဗီဒီယို၌ အို လက်ဇန်ဒါဆိုင်ရီစကီးက ပြောကြားထားသည်။

ယူကရိန်းသည် ကာ့ရှ်ဒေသတွင် မြို့ရွာ ၂၈ ခုကို ထိန်းချုပ်ထားပြီး ကျူးကျော်ဝင်ရောက်မှုသည် နယ်မြေထဲကို ၁၂ ကီလိုမီ တာခန့်အထိရောက်လာပြီး အကျယ်သည် ၄၀ ကီလိုမီတာခန့်ရှိသည်ဟု ကာ့ရှ်ဒေသ၏ ယာယီအုပ်ချုပ်ရေးမှူး အလက်ဇီဆမာနော့က ပြောကြားခဲ့သည်။

ကာ့ရှ်ဒေသတွင် လူ ၁၂၁,၀၀၀ သည်  ထွက်ခွာသွားခဲ့ သို့မဟုတ် နေရပ်ရွှေ့ပြောင်းခဲ့ပြီး နောက်ထပ် လူ ၅၉,၀၀၀ ကိုလည်း ရွှေ့ပြောင်းပေးရန် ဆောင်ရွက်နေသည်ဟု ဒေသတွင်းတာဝန်ရှိိသူများက ပြောကြားခဲ့သည်။  ကာ့ရှ်နှင့်နယ်ချင်းထိနေသော ဘယ်ဂိုရော့ ဒေသ(ရုရှားပိုင်နယ်မြေ)တွင်လည်း အရပ်သား ၁၁,၀၀၀ ကို ရွှေ့ပြောင်းပေးထားသည်ဟု ဒေသ၏အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

ရုရှားကို မတည်မငြိမ်ဖြစ်စေရန်နှင့် ရုရှားတပ်ဖွဲ့များကို ဆွဲဆန့်ထုတ်ပစ်ရန် ရည်ရွယ်သည်ဟု ယူကရိန်းတာဝန်ရှိသူက ပြောကြားသော စစ်ဆင်ရေးတွင် ယူကရိန်းတပ်ဖွဲ့များသည် ကာ့ရှ်နယ်စပ်ဒေသထဲအထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု သြဂုတ် ၁၁ ရက်တွင် ရုရှားစစ်တပ်က ဝန်ခံခဲ့သည်။

ရှောင်တခင်စစ်ဆင်ရေးတွင် စစ်သားထောင်ပေါင်းများစွာကို ဖြန့်ကြက်ခဲ့သည်ဟု ယူကရိန်း ကပြောကြားခဲ့ပြီးအရှေ့ပိုင်း၌ ရုရှားတို့၏စစ်ချီမှု လချီနှေးကွေးနေခဲ့ပြီးနောက် ယူကရိန်းက စစ်မြေပြင်တွင်လက်ဦးမှု ရယူခဲ့သည်ဟုဆိုသည်။                    

Ref: Reuters

Most Read

Most Recent