ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသတွင် အမေရိကန်နှင့် တောင်ကိုရီးယားက ထောက်လှမ်းရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသတွင် အမေရိကန်နှင့် တောင်ကိုရီးယားက ထောက်လှမ်းရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယား စွပ်စွဲ
၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်က တောင်ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ပြုလုပ်သည့်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်က တောင်ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ပြုလုပ်သည့်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များကို တွေ့ရစဉ်(Photo:AFP)
Published 27 May 2024

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဒေသတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ထောက်လှမ်းရေး လှုပ်ရှားမှု များကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု မြောက်ကိုုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီး မိမိတို့၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ချိုးဖောက်ခံရမည်ဆိုပါက တုံ့ပြန်သွားမည်ဟု သတိပေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က မေ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် မေ ၁၃ ရက်မှ မေ ၂၄ ရက်အကြား ကိုရီးယားကျွန်းဆွယ်ပေါ်တွင် RC-135 နှင့် U-2S မဟာဗျူဟာ မြောက်ကင်းထောက်လေယာဉ် ၁၆ စင်းထက် မနည်းကို ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယား လက်ထောက်ကာကွယ်ရေးဝန်ကြီး ကင်ဂန်အီက ပြောကြားခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားရေတပ်နှင့် ကမ်းခြေစောင့်တပ်များသည် ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ချိုးဖောက်ပြီး ကင်းလှည့်သည့် လှုပ်ရှားမှုများကို အရှိန်မြှင့်တင်နေခြင်းဖြင့် စစ်ရေးတင်းမာမှုများကို လှုံ့ဆော် ပေးနေကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

၀ါဒဖြန့်လက်ကမ်းစာစောင်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားက လွှတ်တင်မှုသည်လည်း အန္တရာယ်များသည့် ရန်စမှုဖြစ်သည်ဟု ကင်က ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံလာသူများနှင့် တောင်ကိုရီးယား တက်ကြွလှုပ်ရှား သူများသည် အစားအစာများ၊ ဆေးဝါးများ၊ ငွေကြေးများ၊ ရေဒီယို အသေးစားများနှင့် တောင်ကိုရီးယားသတင်း များနှင့် ဒရာမာရုပ်ရှင်များထည့်သွင်းထားသည့် USB များပါဝင်သည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားနိုင်ငံ အတွင်းသို့ ပုံမှန် လွှတ်တင်လေ့ရှိသည်။

“အမေရိကန်နဲ့ တောင်ကိုရီးယားရုပ် သေးလေတပ်ဟာ နေ့စဉ်ရက်ဆက် မတူညီတဲ့ လေယာဉ်တွေနဲ့ စစ်စည်းရုံး မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လေကြောင်းကင်းထောက်လှမ်းတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီလှုပ်ရှားမှုတွေဟာ စစ်ပွဲဖြစ်ပွားနေတဲ့ အချိန်မှာပြုလုပ်တဲ့ လှုပ်ရှားမှုတွေနဲ့တောင် နှိုင်းယှဉ်လို့ရပါတယ်”ဟု ကင်၏ ပြောကြားချက်ကို KCNA က ဖော်ပြခဲ့သည်။

အဆိုပါလှုပ်ရှားမှုများသည် မြောက်ကိုရီးယား၏ အမျိုးသားအချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ကြီးမားစွာထိ ပါးမှုဖြစ်ပြီး မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများ ချိုးဖောက်ခံရမည်ဆိုပါက ချက် ချင်းတုံ့ပြန်သွားမည်ဟု ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းတို့၏ ဒုတိယမြောက် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုကို အာကာသထဲသို့ လွှတ်တင်ရန်ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားစစ်တပ်က  မေ ၂၄ ရက်တွင် ပြောကြားခဲ့ပြီးနောက် ကင် ၏ မှတ်ချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ၂၀၂၄ ခု နှစ်တွင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု သုံးစင်း ထပ်မံလွှတ်တင် မည်ဖြစ်ပြီး နျူကလီးယား လက်နက်များကိုလည်း ထပ်မံတည်ဆောက်ကာ ဒရုန်းကဲ့သို့ လူထိန်းချုပ်ရန်မလို သည့် ခေတ်မီတိုက်ခိုက်ရေး ကိရိယာများကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဟု အာဏာရ ကိုရီးယား အလုပ် သမားပါတီ၏ နှစ်ကုန်ပိုင်း အစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ၎င်းတို့၏ ပထမဆုံး စစ်ဘက် သုံးကင်းထောက်ဂြိုဟ်တု တစ်စင်းကို လွှတ်တင်ခဲ့သည်။       

Ref:Reuters

Most Read

Most Recent