မက္ကဆီကိုတွင် မတ်လနောက်ပိုင်း အပူလှိုင်းများကြောင့် လူ ၄၈ ဦးထက်မနည်း သေဆုံး

မက္ကဆီကိုတွင် မတ်လနောက်ပိုင်း အပူလှိုင်းများကြောင့် လူ ၄၈ ဦးထက်မနည်း သေဆုံး
မေ ၂၄ ရက်က မက္ကဆီကိုနိုင်ငံ ဗယ်ရာခရုဇ်ပြည်နယ်ရှိ စျေးတစ်စျေးတွင်  ပူပြင်းသောရာသီဥတုကြောင့် ယပ်တောင်ခတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
မေ ၂၄ ရက်က မက္ကဆီကိုနိုင်ငံ ဗယ်ရာခရုဇ်ပြည်နယ်ရှိ စျေးတစ်စျေးတွင်  ပူပြင်းသောရာသီဥတုကြောင့် ယပ်တောင်ခတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 25 May 2024

မက္ကဆီကိုနိုင်ငံတွင် မတ်လနောက်ပိုင်း အပူလှိုင်းများကြောင့် သေဆုံးသူ ၄၈ ဦးရှိသည်ဟု အစိုးရက မေ ၂၄ ရက်က ပြောကြားခဲ့ကာ သိပ္ပံပညာရှင်များက စံချိန်တင်အပူချိန်အသစ်များ ထပ်မံကြုံတွေ့ခံစားရနိုင်ခြေရှိ သည်ဟု သတိပေးထားသည်။

အလားတူကာလအတွင်း လူပေါင်း ၉၅၀ ကျော်သည် အမျိုးမျိုးသော ကျန်းမာရေးသက်ရောက်မှုများ ကြုံတွေ့ခံစားခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့်နှစ်က လူဦးရေ ၁၂၉ သန်းရှိသည့် မက္ကဆီကိုနိုင်ငံတွင် မတ်လမှအောက်တိုဘာလအထိ ကြာမြင့်သည့်ပူပြင်းသောရာ သီကာလအတွင်း အပူချိန်နှင့်ဆက်နွှယ်၍ သေဆုံးသူ ၄၁၉ ဦးစံချိန်တင်ရှိခဲ့သည်။

သမ္မတအန်းဒရီးယက်စ်မန်နျူရယ်လို ပက်ဇ်အိုဘရာဒေါက ယခုနှစ်၏အပူချိန်ကို ထူးခြားချက်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။“ဒါဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ ဆက်နွှယ်တဲ့ စိတ်မကောင်းဖွယ် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။                

မက္ကဆီကိုစီးတီးမြို့တော်တွင် အပူချိန်မြင့်မားခြင်းနှင့် လေတိုက်ခတ်မှုမရှိခြင်းတို့သည် အထူးသဖြင့် ညစ်ညမ်းမှုပြဿနာကိုပိုမိုဆိုးရွားစေသည်ဟု အိုဘရာဒေါကထပ်မံ ပြောကြားခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၇၃၅၀ ပေတွင်ရှိသော မက္ကဆီကိုစီးတီးမြို့တော်သည် သမားရိုးကျရာသီဥတုအနေအထားတစ်ရပ်ရှိပြီး နေအိမ်အနည်းငယ်၌သာ လေအေးပေး စက်တပ်ဆင်ထားသည်။

သို့သော် မက္ကဆီကိုစီးတီးမြို့တော်တွင် မေ ၉ ရက်က အပူချိန်သည် ၃၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယက်စ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်ဟု အမျိုးသားမိုးလေဝသကော်မရှင်က ထုတ်ပြန်ထားသည်။

နိုင်ငံအရှေ့မြောက်ပိုင်းဆန်လူးဝစ်ပိုတိုစီပြည်နယ်တွင် အပူချိန်သည် ၄၉ ဒသမ၆ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်ခဲ့သည် ဟုဆိုသည်။

မက္ကဆီကိုရှိ National Autonomous တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လာမည့်သီတင်းပတ်နှစ်ပတ်တွင်း အပူချိန်ပိုမိုစံချိန် တင်မြင့်တက်နိုင်သည်ဟု သတိပေးခဲ့သည်။

“ဒီနှစ်က သမိုင်းမှာ အပူဆုံးနှစ်တစ်နှစ်ဖြစ်ပါတယ်”ဟု တက္ကသိုလ်၏ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသုတေသနအစီအစဉ် ၏ညှိနှိုင်းရေးမှူး ဖရန်စစ္စကိုအက်စ်ထရာဒါက သတင်းစာရှင်းလင်းပွဲတစ်ပွဲတွင် ပြောကြားခဲ့သည်။

“လူတွေပဲ အပူဒဏ်ကိုခံရတာမဟုတ်ပါဘူး။မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ဒါဇင်နဲ့ချီတဲ့မျောက်တွေ သေဆုံးကုန်ကြတာဟာ အပူချိန်ကြောင့်ဖြစ်ဖွယ်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ပြင်းထန်အပူဒဏ်သည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည်ဟု ရာသီဥတုသိပ္ပံပညာရှင်များက ဆိုသည်။ရာသီဥတုပြောင်းလဲမှုသည် လူသားများ၏လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲခြင်းဖြစ်သည်။

ထို့ကြောင့် ပြင်းထန်အပူလှိုင်းများမကြာခဏဖြစ်ပေါ်မည်ဟုဆိုသည်။အပူလှိုင်းကျချိန်များသည် အချိန်ပိုကြာလာမည်ဖြစ်သည်။ အပူလှိုင်းတို့သည် ပိုမိုပြင်းထန်လာမည်ဟု သိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့နှင့် အမေရိကန်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(USAID)တို့ကမူ အလွန်အမင်းဆိုးရွားပြင်း ထန်သည့်အပူချိန်များကို “အသံတိတ် လူသတ်သမား”ဟု အွန်လိုင်းမှပြုလုပ်သည့်အ စည်းအဝေးတစ်ခုတွင် သုံးနှုန်းဖော်ပြခဲ့သည်။

USAID အကြီးအကဲ ဆမန်သာ ပါ၀ါကအပူချိန်ကြောင့် လူသေဆုံးမှုအရေအတွက်သည် ဟာရီကိန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် သေဆုံးသူစုစုပေါင်း၏ အရေအတွက်ထက် ပိုမိုများပြားကြောင်း သတိပေးခဲ့သည်။

Ref: AFP

Most Read

Most Recent