ရုရှားထံမှသိမ်းယူထားသောပိုင်ဆိုင်ပစ္စည်းများမှ ရလာမည့်ငွေများဖြင့် ယူကရိန်းကို ငွေကြေးထောက်ပံ့မည့်ကိစ္စအား ဂျီ-၇ ဆွေးနွေးမည်

ရုရှားထံမှသိမ်းယူထားသောပိုင်ဆိုင်ပစ္စည်းများမှ ရလာမည့်ငွေများဖြင့် ယူကရိန်းကို ငွေကြေးထောက်ပံ့မည့်ကိစ္စအား ဂျီ-၇ ဆွေးနွေးမည်
ယူကရိန်းထောက်ပံ့ရေးကိစ္စကို အမေရိကန်ဘက်ဆောင်ရွက်မည့် အစီအစဉ်များအား ဘဏ္ဍာရေးဝန်ကြီး ရယ်လန် ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
ယူကရိန်းထောက်ပံ့ရေးကိစ္စကို အမေရိကန်ဘက်ဆောင်ရွက်မည့် အစီအစဉ်များအား ဘဏ္ဍာရေးဝန်ကြီး ရယ်လန် ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 23 May 2024

ဂျီ-၇ ဘဏ္ဍာရေးဝန်ကြီးများသည် သုံးရက်ကြာအစည်းအဝေးအတွက် မေ ၂၃ ရက်တွင် အီတလီနိုင်ငံကိုရောက်ရှိနေကြပြီး အဆိုပါအစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာများမှာ ယူကရိန်းကို ကူညီရေးအတွက် ရုရှားပိုင်ဆိုင်ပစ္စည်းများကို အသုံးပြုရေး၊ ရုရှားကို ပိတ်ဆို့မှုအသစ်များ ချမှတ်ရေး၊ တရုတ်ကြောင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတို့ဖြစ်ကြောင်း သိရသည်။

ဂျီ-၇ အုပ်စုဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ဝန်ကြီးများနှင့်ဗဟိုဘဏ်လုပ်ငန်းရှင်များသည် ရှေ့လတွင် ပက်ဂလီယာ၌ ကျင်းပမည့်  နိုင်ငံတော်အကြီးအကဲများပါဝင်မည့် ဂျီ-၇ ထိပ်သီးအတွက် ပြင်ဆင်ရန် အီတ လီမြောက်ပိုင်းရှိ မက်ဂျီယိုရီရေအိုင်ကြီး၏ကမ်းရိုးတန်းပေါ်က  စထရီဆာတွင် အစည်းအဝေးကျင်းပနေသည်။

အဓိက ဆွေးနွေးမည့်အကြောင်းအရာမှာ ဂျီ-၇ နှင့် ဥရောပတို့က ထိန်းချုပ်ထားသော ရုရှားဗဟိုဘဏ်ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာဘီလျံ ၃၀၀(ယူရို ၃၂၅ ဘီလျံ)ကြောင့်ရရှိလာမည့် အတိုးငွေများကို အသုံးပြုကာ ယူကရိန်းအတွက်အရေးကြီးသော ဘဏ္ဍာရေးအကူအညီကို ဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုပါအတိုးမှရရှိလာမည့် ဘီလျံ ၅၀ အထိရှိမည့် ချေးငွေများကို ယူကရိန်းအား ထောက်ပံ့ပေးရန်အဆိုပြုထားသည်။

“ကျွန်မတို့ရဲ့တရားစီရင်ပိုင်ခွင့်ထဲမှာ မလည်ပတ်နိုင်အောင်လုပ်ထားတဲ့ ရုရှား ဗဟိုဘဏ်ပိုင်ဆိုင်မှုတွေရဲ့တန်ဖိုးကို ယူကရိန်းအကျိုးအမြတ်အတွက်ဖွင့်ပေးဖို့ ကျွန်မတို့ စုပေါင်းအဖြေရှာတာဟာ အရေးကြီးပါတယ်”ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ရယ်လန်က ယခုသီတင်းပတ်အတွင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်အစီအမံ အသေးစိတ်ကို အချောသတ်လုပ်ဆောင်ရခြင်းမရှိသေးပေ။ ချေးငွေများ ထုတ်ချေးပေးသည့်အခါ အမေရိကန်တစ်နိုင်ငံတည်းကို ထုတ်ချေးမည်လော သို့မဟုတ် ဂျီ-၇ အုပ်စုတစ်ခုလုံးတွင်ပါဝင်သော နိုင်ငံများကို ထုတ်ချေးမည်လောဆိုသည်ကို အချောသတ်ဆောင်ရွက်ရခြင်းမရှိ သေးပေ။

သို့ရာတွင် ထိုကိစ္စသည် ဂျီ-၇ ဆွေးနွေးပွဲအတွက် အခြေခံအကြောင်းအရာဖြစ်လာလိမ့်မည်ဟု အီတလီ ဘဏ္ဍာရေးသတင်း အရင်းအမြစ်ကပြောကြားသည်။ အီတလီသည် ယခုနှစ်အတွက် ဂျီ-၇ ဥက္ကဋ္ဌတာဝန်ကိုယူ ထားသော နိုင်ငံဖြစ်သောကြောင့် စထရီဆာ အစည်းအဝေးကို လက်ခံကျင်းနေသော နိုင်ငံလည်းဖြစ်သည်။

“အမေရိကန်ရဲ့အဆိုပြုချက်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်မှန်သမျှဟာ ခိုင်မာတဲ့ ဥပဒေအခြေခံရှိထားရမှာဖြစ်ပါတယ်”ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

ယူကရိန်းသို့ရောက်လာမည့် ဥရောပလက်နက်ပစ္စည်းများပေးပို့မှု အရှိန်နှေးကွေးနေခြင်း၊ ယူကရိန်းအကူအညီကိစ္စ အမေရိကန်လွှတ်တော်တွင် အငြင်းပွားနေခြင်းကြောင့် အကူအညီပေးရန် ကြန့်ကြာမှုတို့က မြေပြင်တွင် ရုရှားကို အသာရစေခဲ့သည်။

ဂျီ-၇ အုပ်စုတွင် အမေရိကန်ပြည်ထောင်စုနှင့် အီတလီတို့အပြင် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်တို့လည်း ပါဝင်သည်။

ဥရောပသမဂ္ဂသည် ထိန်းချုပ်ထားသော ရုရှားပိုင်ဆိုင်ပစ္စည်းများထံမှ ရရှိလာမည့် ဝင်ငွေများကို သိမ်းယူပြီး ယူကရိန်းကို လက်နက်တပ်ဆင်ပေးရေးအတွက် ယခုလတွင် သဘောတူညီချက်ရရှိအောင်ဆောင်ရွက်ခြင်းဖြင့် ပထမဆုံးခြေလှမ်းကို လှမ်းခဲ့သည်။ ရရှိလာမည့် ဝင်ငွေသည် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံမှ ၃ ဒသမ ၃ ဘီလျံ(ယူရို ၂ ဒသမ ၅ ဘီလျံ)အထိရှိမည်ဖြစ်သည်။

ယူကရိန်းကို နောက်ထပ်ငွေကြေးများ တတ်နိုင်သမျှ ပိုမိုပံ့ပိုးပေးနိုင်ရေးအတွက် ရည်မှန်းချက်ပိုကြီးသော နည်းလမ်းများကို စဉ်းစားကြရန် ရယ်လန်က တိုက်တွန်းထားသည်။                                              

Photo: AFP

Most Read

Most Recent