နယူးဇီလန် ခရီးစဉ်အပြီးတွင် နောက်ထပ်ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည့် သြစတြေးလျသို့ တရုတ်ဝန်ကြီးချုပ် ဆက်လက်ထွက်ခွာ

နယူးဇီလန် ခရီးစဉ်အပြီးတွင် နောက်ထပ်ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည့် သြစတြေးလျသို့ တရုတ်ဝန်ကြီးချုပ် ဆက်လက်ထွက်ခွာ
ဇွန် ၁၅ ရက်က သြစတြေးလျနိုင်ငံ အက်ဒလေ့မြို့လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်ဝန်ကြီးချုပ်လီချန်ကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၁၅ ရက်က သြစတြေးလျနိုင်ငံ အက်ဒလေ့မြို့လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်ဝန်ကြီးချုပ်လီချန်ကို တွေ့ရစဉ်(Photo: AFP)
Published 15 June 2024

ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးရန် တရုတ်နှင့်သြစတြေးလျတို့ အပြိုင်အဆိုင်ကြိုးပမ်းနေခိုက် တရုတ်ဝန်ကြီးချုပ် လီချန်သည် ကုန်သွယ်ရေးဆိုင်ရာမိတ်ဖက် သြစတြေးလျသို့ သွားရောက်သည့် လေးရက်ကြာခရီးစဉ်ကို ဇွန် ၁၅ ရက်တွင် စတင်ခဲ့သည်။

တရုတ်တွင် သမ္မတရှီကျင်းပင်ပြီးလျှင် ဒုတိယရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် လီသည် သယံဇာတပေါကြွယ်ဝသော ဒေသဆီသို့ သံတမန်ရေးမစ်ရှင် စတင်သည့်အနေဖြင့် အက်ဒလေ့မြို့သို့ ရောက်ရှိလာခဲ့သည်။

ဝန်ကြီးချုပ်လီသည် အက်ဒလေ့မြို့ လေဆိပ်သို့ရောက်ရှိစဉ် လေယာဉ်တံခါးပေါက်မှ လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပြီး ၎င်းအား သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးပန်နီဝေါင်နှင့် အခြားအစိုးရတာဝန်ရှိသူများကလာရောက်ကြိုဆိုခဲ့ပြီး ဓာတ်ပုံဆရာများနှင့် ရုပ်သံသတင်းထောက်များလည်း ရောက်ရှိနေခဲ့သည်။

ကုန်သွယ်ရေးကိစ္စရပ်များအတွက် အဓိက ရည်ရွယ်လျက် တရုတ်ဝန်ကြီးချုပ်လီချန်သည် နယူးဇီလန်နှင့် သြစတြေးလျသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ယင်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း နယူးဇီလန်နှင့် သြစတြေးလျသို့ လာရောက်ခဲ့သည့် တရုတ်အစိုးရ၏ အဆင့်အမြင့်ဆုံး တာဝန်ရှိသူဖြစ်သည်။

 လီသည် အဦးဆုံးအနေဖြင့် ဇွန် ၁၃ ရက်က နယူးဇီလန်၏ မြို့တော်ဝယ်လင်တန်သို့ သွားရောက်ခဲ့ပြီး နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလူဆန်နှင့် တွေ့ဆုံခဲ့သည်။

တရုတ်သည် နယူးဇီလန်၏ အကြီးမားဆုံး ပို့ကုန်တင်ပို့ရာ လမ်းကြောင်းဖြစ်ပြီး နယူးဇီလန်သည်လည်း ဒီမိုကရေစီ အနောက်နိုင်ငံများအကြား တရုတ်၏အရင်းနှီးဆုံးမိတ်ဖက်  နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့နောက် ဇွန် ၁၅ ရက်တွင် တရုတ်ဝန်ကြီးချုပ်သြစတြေးလျသို့ ရောက်ရှိလာခြင်းဖြစ်သည်။

လီသည် ၀ိုင်ချက်လုပ်ရာဒေသဖြစ်သည့် တောင်သြစတြေးလျပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး တရုတ်က အငှားချထားသည့် ပန်ဒါဝက်ဝံကြီးနှစ်ကောင်ရှိရာ အက်ဒလေ့မြို့ တိရိစ္ဆာန်ရုံသို့လည်း သွားရောက်မည်ဖြစ် သည်။

လီသည် သြစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘနိစ်နှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် မြို့တော်ကင်ဘာရာ၌ ၎င်းအား နိုင်ငံတော်အဆင့်နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။ လီသည် အနောက်သြစတြေးလျပြည်နယ်ရှိ လီသီယမ်ဒြပ်စင်ထုတ်လုပ်သည့် သတ္တုတွင်းတစ်ခုသို့လည်း သွားရောက်မည်ဖြစ်သည်။

ထိုသို့ ၀ိုင်ချက်လုပ်ရာဒေသသို့ အလည်အပတ်သွားရောက်ခြင်းသည် သြစတြေးလျ၏ ၀ိုင်၊ သစ်၊ မုယောစပါးနှင့် အမဲသားတင်ပို့မှုများကို ပိတ်ပင်ထားခြင်းအား တရုတ်ကပြန်ရုပ်သိမ်းခဲ့ခြင်းကို ရည်ညွှန်းလျက်ရှိသည်။ တရုတ်၏ပိတ်ပင်မှုများကြောင့် သြစတြေးလျပို့ကုန်လုပ်ငန်းရှင်များသည် တစ်နှစ်လျှင် သြစတြေးလျဒေါ်လာ ၂၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ) ခန့် ဆုံးရှုံးနစ်နာခဲ့သည်။

သြစတြေးလျ၏ ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းကလည်း ဝန်ကြီးချုပ်လီက ၎င်းတို့၏ပို့ကုန်များကို တရုတ်က ပြန်လက်ခံလာပြီး နောက်ဆုံးကျန်ရှိနေသည့် ပိတ်ပင်မှုများကို ရုပ်သိမ်းပေးရန် မျှော်လင့်နေသည်။ ၂၀၂၂ ခုနှစ်က သြစတြေးလျတွင် အယ်လ်ဘနိစ်အစိုးရတက်လာပြီး တရုတ်နှင့် ပိုမိုညင်သာပျော့ပျောင်းသော ဆက်ဆံရေးကိုကျင့်သုံးခဲ့ပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ်တွင် ချမှတ်ခဲ့သည့် ကုန်သွယ်ရေးပိတ်ပင်မှု အများအပြား ကို တရုတ်က ဖယ်ရှားပေးခဲ့သည်။

ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံများအပေါ် သံတမန်ရေးနှင့် စစ်ရေးအရသြဇာပိုမိ လွှမ်းမိုးနိုင်ရန် တရုတ်က ကြိုးပမ်းနေစဉ် သြစတြေးလျသည် အမေရိကန်နှင့် မဟာမိတ်ဆက်ဆံရေးကို အခိုင်အမာဖော်ဆောင်ခဲ့သည်။

သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများ တည်ဆောက်ပေးမည့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့၏ AUKUS လုံခြုံရေးဘောတူညီချက်သည် နျူကလီးယားပြန့်ပွားနိုင်ခြေကို မြင့်တက်စေသည့် အငြင်းပွားစရာ အစီအမံဖြစ်သည်ဟု တရုတ်ကပြောဆိုထားသည်။     

Ref: AFP

Most Read

Most Recent