တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသော တရုတ်ကမ်းခြေစောင့်တပ်၏ စည်းမျဉ်းသစ်များ စတင်အသက်ဝင်

တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသော တရုတ်ကမ်းခြေစောင့်တပ်၏ စည်းမျဉ်းသစ်များ စတင်အသက်ဝင်
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ဖိလစ်ပိုင်ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားနေစဉ်(Photo: Reuters)
မတ်လ ၅ ရက်က တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ဖိလစ်ပိုင်ထောက်ပို့သင်္ဘောကို ပိတ်ဆို့ဟန့်တားနေစဉ်(Photo: Reuters)
Published 15 June 2024

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ကျူးကျော်ဝင်ရောက်သည့် ပြည်ပနိုင်ငံသားများကို ဖမ်းဆီးထိန်းသိမ်းခွင့်ရှိသည့် တရုတ်ကမ်းခြေစောင့်တပ်၏စည်းမျဉ်းအသစ်များသည် ဇွန် ၁၅ ရက်က စတင်အသက်ဝင်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ(ဂျီ ၇)အဖွဲ့တို့က တရုတ်သည် ခြိမ်းခြောက်ဗိုလ်ကျ၍ နိုင်ထက်စီးနင်းပြုမူနေသည်ဟု စွပ်စွဲပြောဆိုထားသည်။

ဖိလစ်ပိုင် စစ်တပ်အကြီးအကဲကမူ တောင်တရုတ်ပင်လယ်၏ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲတွင် ငါးဖမ်းယူမှုများဆက်လက်လုပ်ဆောင်ရန် ဖိလစ်ပိုင်ငါးဖမ်းသမားများကို တိုက်တွန်းခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရေပြင်၌ ကင်းလှည့်ရန် ကမ်းခြေစောင့်တပ်သင်္ဘောနှင့် အခြားသင်္ဘောများကို ဖြန့်ကြက်ထားပြီး ၎င်းဒေသရှိ ကျောက်တန်းအချို့ကိုလည်း စစ်ပုံသွင်းထားသည့် ကျွန်းတုများအဖြစ် တည်ဆောက်ခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်သည်တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက်အငြင်းပွားမှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းရှိပြီး မကြာသေးမီလများကလည်း ပိုင်နက်အငြင်းပွားကျောက်တန်းများအနီးတွင် နှစ်ဖက်သင်္ဘောအချင်းချင်း ထိပ်တိုက်တွေ့မှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

ပိုင်နက်အငြင်းပွား ရေပိုင်နက်များတွင် တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောများအပေါ် တရုတ်ကမ်းခြေစောင့်တပ်၏ အပြုအမူများသည်ရိုင်းပျ၍ ရက်စက်သည်ဟု ဖိလစ်ပိုင်အစိုးရက အပြစ်တင်ခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်က ကြေညာခဲ့သည့် စည်းမျဉ်းသစ်များသည် အလွန်စိုးရိမ်စရာကောင်းပြီး တင်းမာမှုများကို မြင့်တက်စေသည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကလည်း မေ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ဖိလစ်ပိုင်ငါးဖမ်းသမားများကို အစီအစဉ်တကျ အကာအကွယ်ပေးမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနေသည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယိုဘရော်နာက ဇွန် ၁၄ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ငါးဖမ်းသမားများအနေဖြင့် ကြောက်လန့်စရာမလိုဘဲမိမိတို့၏ အထူးစီးပွားရေးဇုန်အတွင်း ငါးဖမ်းယူသည့် ပုံမှန်လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ယင်းသည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏အန္တရာယ်ရှိသော နှောင့်ယှက်မှုဖြစ်သည်ဟု ဂျီ ၇ အဖွဲ့က ဇွန် ၁၄ ရက်တွင် ဝေဖန်ခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများမြင့်တက်လာသည့်အတွက် ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခတစ်ခုဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။                      

Ref: AFP

Most Read

Most Recent