ဂျပန်နိုင်ငံက တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို အာကာသအတွင်း လွှတ်တင်မည်

ဂျပန်နိုင်ငံက တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို အာကာသအတွင်း လွှတ်တင်မည်
ပုံစာ- ဂျပန်နိုင်ငံကတည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို တွေ့ရစဉ် (Photo-AFP)
ပုံစာ- ဂျပန်နိုင်ငံကတည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို တွေ့ရစဉ် (Photo-AFP)
Published 29 May 2024
Ref;AFP

ဂျပန်သုတေသနပညာရှင်များက တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို လာမည့်စက်တင်ဘာလတွင် Space X ဒုံးပျံဖြင့် အာကာသထဲလွှတ်တင်သွားမည်ဖြစ်သည်။

၁၀ စင်တီမီတာ (လေးလက်မ) အရွယ်အစားရှိသည့် ကုဗတုံးပုံစံသေးငယ်သည့် အဆိုပါသစ်သားဂြိုဟ်တုကို ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များနှင့် သစ်လုပ်ငန်းကုမ္ပဏီ Sumitomo Froestry တို့က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အစမ်းသဘောလွှတ်တင်သည့် အဆိုပါဂြိုဟ်တုသည် အာကာသအတွင်းမှ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ဂြိုဟ်တု၏ သစ်သားကိုယ်ထည်သည် လေထု၏ တိုက်စားမှုကြောင့် အလုံးစုံမီးလောင်ကျွမ်းသွားလိမ့်မည်ဟု တီထွင်သူများက မျှော်လင့်ထားသည်။

ထို့ကြောင့် အခြားဂြိုဟ်တုများကဲ့သို့ ကမ္ဘာပေါ်ပြန်လည်ကျရောက်လာချိန်တွင် သတ္တုအပိုင်းအစများ ကမ္ဘာပေါ်ကျရောက်လာမည့်အခြေအနေကို ရှောင်လွှဲနိုင်မည့် နည်းလမ်းသစ်တစ်ခုဖြစ်လာနိုင်ခြေရှိသည်။

ဂြိုဟ်တုမှကျရောက်လာသည့် သတ္တုအမှုံအမွှားများသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်သွယ်ရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဂြိုဟ်တုကိုအပြီးသတ် တည်ဆောက်ပြီးစီးသည့် မေ ၂၈ ရက်တွင် သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

“ဂြိုဟ်တုတွေကို သတ္တုတွေနဲ့ မလုပ်တဲ့ အယူအဆတစ်ခု ထွက်ပေါ်လာသင့်ပါပြီ” ဟု ကျိုတိုတက္ကသိုလ်မှ အာကာသယာဉ်မှူးတစ်ဦးဖြစ်ပြီး ပါမောက္ခတစ်ဦးဖြစ်သည့် တာကာအိုတိုအီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မွန်ဂိုလီးယားသစ်သားဖြင့် ပြုလုပ်ထားပြီး LignoSat ဟု အမည်ပေးထာသည့် အဆိုပါဂြိုဟ်တုကို လာမည့်သီတင်းပတ်တွင် ဂျပန်အာကာသအေဂျင်စီထံ လွှဲပြောင်းပေးအပ်သွားရန် သိပ္ပံပညာရှင်များက စီစဉ်ထားသည်။

ထိုဂြိုဟ်တုကို စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ ကနေဒီအာကာသစင်တာမှ  လွှတ်တင်မည်ဖြစ်ပြီး နိုင်ငံတကာအာကာသစခန်း (ISS) သို့ ပို့ဆောင်မည်ဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါဂြိုဟ်တု၏ ခိုင်ခံ့မှုနှင့် ကြာရှည်ခံနိုင်စွမ်းရည်ကို စမ်းသပ်ရန် အာကာသစခန်းရှိ ဂျပန်၏စမ်းသပ်ခန်းမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ မြေပြင်ထိန်းချုပ်ရေးစခန်းသို့ အချက်အလက်များ ပေးပို့သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Most Read

Most Recent