အမေရိကန်နှင့် ယူကရိန်းတို့ ၁၀ နှစ်ကြာ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသောနေ့သည် သမိုင်းဝင်နေ့ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ထုတ်ဖော်ပြောကြား

အမေရိကန်နှင့် ယူကရိန်းတို့ ၁၀ နှစ်ကြာ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသောနေ့သည် သမိုင်းဝင်နေ့ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး ထုတ်ဖော်ပြောကြား
သမ္မတဇယ်လန်းစကီးနှင့် သမ္မတဂျိုးဘိုင်ဒင်တို့ နှစ်နို်င်ငံလုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနေပုံအား ဇွန် ၁၃ ရက်တွင်တွေ့ရစဉ်(Photo:AFP)
သမ္မတဇယ်လန်းစကီးနှင့် သမ္မတဂျိုးဘိုင်ဒင်တို့ နှစ်နို်င်ငံလုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနေပုံအား ဇွန် ၁၃ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 14 June 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးတို့သည် ၀ါရှင်တန်နှင့်ကိယက်ဗ်တို့၏ အထင်ကရ ၁၀ နှစ်ကြာ လုံခြုံရေးသဘောတူစာချုပ်ကို ဇွန် ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းသို့ လက်မှတ်ထိုးသည့်နေ့သည် ရုရှားကျူးကျော်မှုကို တွန်းလှန်ရာတွင် သမိုင်းဝင်နေ့ဖြစ်လာသည်ဟု ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့သည်။

ယင်းသဘောတူစာချုပ်အရ အမေရိကန်ပြည်ထောင်စုသည် နောက်လာမည့် ၁၀ နှစ်အထိ ယူကရိန်းကို စစ်ရေးအကူအညီများနှင့်သင်တန်းပေးခြင်းတို့ကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ လုံခြုံရေးသဘောတူစာချုပ်သည်  ယူကရိန်းကို နောက်ဆုံးတွင် နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာစေရန် ပေါင်းကူးပေးသည့် အရာအဖြစ် လုပ်ဆောင်ပေးလိမ့်မည်ဟု သမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။

လည်ပတ်သုံးစွဲ၍မရအောင်ပိတ်ထားသော ရုရှားပိုင်ဆိုင်ပစ္စည်းများ(ရန်ပုံငွေ)များကို အခြေခံ၍ရရှိလာသည့် အမေရိကန်ဒေါ်လာဘီလျံ ၅၀ အား ယူကရိန်းကို ချေးငွေချပေးရန် ဂျီ-၇ အစည်းအဝေး၌ သီးခြားသဘော တူစာချုပ်ကို သဘောတူညီချက်ရရှိခဲ့ပြီးနောက်  မကြာမီအမေရိကန်နှင့်ယူကရိန်းတို့ လုံခြုံရေးသဘော တူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဟာ တကယ့်သမိုင်းဝင်နေ့ဖြစ်ပါတယ်”ဟု အီတလီ၌ လုံခြုံရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးပြီးနောက် သမ္မတဂျိုးဘိုင်ဒင်နှင့်ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဇယ်လန်းစကီးက ပြောကြားခဲ့ သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် မိမိတို့ကို ထိုင်စောင့်နေစရာမလိုဆိုသည်ကို ပူးပေါင်းပြသလိုက်သည့် အရေးပါသောအဆင့်များကို ဂျီ-၇ တွင်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

လုံခြုံရေးသဘောတူညီချက်အရ နောင်တွင် ရုရှားက လက်နက်ဖြင့်တိုက်ခိုက်မှုလုပ်ဆောင်ပါက အမေရိကန်နှင့်ယူကရိန်းတို့သည် အမြင့်ဆုံးအဆင့်ထားပြီး၂၄ နာရီအတွင်း တိုင်ပင်ကြရမည်ဟု သိရသည်။

ထို့အပြင် ယူကရိန်းစစ်တပ်ကို တည်ဆောက်ခြင်း၊ ယူကရိန်း၏ပြည်တွင်း လက်နက်လုပ်ငန်းများကို တည်ဆောက်ရေးအတွက် လုပ်ငန်းနှင့်သင်တန်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့လုံခြုံရေးသဘောတူညီချက်ဟာ နေတိုးအဖွဲ့ထဲမှာ ယူကရိန်းရဲ့ အဖွဲ့ဝင်ဖြစ်လာရေးအတွက် ပေါင်းကူး ဖြစ်လာမှာဖြစ်ပါတယ်”ဟု ဇယ်လန်းစကီးက  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေး လမ်းကြောင်းပေါ်တွင်ရှိနေသည်ဟု အမေရိကန်ပြည်ထောင်စုက ယခင်က ပြောကြားခဲ့သည်ဆိုသော်လည်း ယူကရိန်းသည် ရုရှားနှင့် စစ်ဖြစ်နေဆဲဖြစ်၍ ယူကရိန်း၏နေတိုးအဖွဲ့ ဝင်ဖြစ်ရေးသည် မဖြစ်နိုင်ဟုဆိုသည်။ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဖြစ်လာမည်ဆိုပါက နေတိုး၏ အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်အရ နေတိုး၏အနောက်အုပ်စု မဟာမိတ်များသည် ရုရှားနှင့်စစ်ဖြစ်မည့် အနေအထားဖြစ်လာမည်ဟု ဆိုသည်။

ဘိုင်ဒင်က ခါကိဗ်ဒေသတွင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများလုပ်ဆောင်ရာ၌ ယူကရိန်းကို အမေရိကန်၏ တာတိုပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့သည် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။

                                                          Ref:AFP

Most Read

Most Recent