တင်းမာမှုများ လျှော့ချရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယားနှင့် အလုပ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် တောင်ကိုရီးယားသမ္မတ အဆိုပြု

တင်းမာမှုများ လျှော့ချရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယားနှင့် အလုပ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် တောင်ကိုရီးယားသမ္မတ အဆိုပြု
သြဂုတ် ၁၅ ရက်က ဆိုးလ်မြို့တွင်ကျင်းပသည့် ၇၉ နှစ်မြောက် ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
သြဂုတ် ၁၅ ရက်က ဆိုးလ်မြို့တွင်ကျင်းပသည့် ၇၉ နှစ်မြောက် ကိုရီးယား အမျိုးသားလွတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို မိန့်ခွန်းပြောကြားစဉ်(Photo: AFP)
Published 15 August 2024

မြောက်ကိုရီးယားနှင့် တင်းမာမှုများမြင့် တက်နေခြင်းကို လျှော့ချရန်နှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းများကို ရှာဖွေရန်ရည်ရွယ်၍ ကိုရီးယားနှစ်နိုင်ငံ အလုပ်သဘောအဆင့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် တောင်ကိုရီး ယားသမ္မတ ယွန်းဆော့ယိုက သြဂုတ် ၁၅ ရက်တွင် အဆိုပြုခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ အလက် ၂၅၀ ဖြန့်ကြက်ထားသည်ဟု သြဂုတ် ၅ ရက်က ကြေညာခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းလျက်ရှိသည်။

မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တောင်ကိုရီးယားဘက်သို့ အမှိုက်များ အပြည့်ထည့်ထားသော ထောင်နှင့်ချီသည့် မိုးပျံပူဖောင်းများ ပစ်လွှတ်ခဲ့သည့်အတွက် တောင်ကိုရီး ယားဘက်ကလည်း နယ်စပ်တစ်လျှောက်တွင် အသံချဲ့စက်ဖြင့် ၀ါဒဖြန့်ထုတ်လွှင့်မှုများပြန် လည်လုပ်ဆောင်ခဲ့ကာ နှစ်ဖက်တင်းမာမှုများကို လျှော့ချရန်ရည်ရွယ်သည့် ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကိုလည်း ဆိုင်းငံ့ခဲ့သည်။

“သဘောထားကွဲလွဲနေတဲ့ အခြေအနေတွေ ဆက်ရှိနေသရွေ့ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုဟာ ပြီးပြည့်စုံမှု ရှိမှာမဟုတ်ပါဘူး”ဟု ဂျပန်၏လက်အောက်မှ လွတ်မြောက်ခဲ့သည့် အထိမ်းအမှတ်အခမ်းအနားတစ်ခုတွင် ပြန် လည်ပေါင်းစည်းရေး မျှော်မှန်းချက်ဟုအမည်ရသော အစီအစဉ်ကို သမ္မတယွန်းက ထုတ်ဖော်ကြေညာခဲ့သည်။

“ပြည်သူတွေအတွက် လွတ်လပ်မှု ဆိတ်သုဉ်းနေပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်မှုဒဏ်ကို ခါးစည်းခံနေရတဲ့ အထီးကျန် မြောက်ကိုရီးယားနိုင်ငံကိုလည်း ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေကို လက်ကမ်းမျှဝေပေးရမှာဖြစ် တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား အလုပ်သဘောအဆင့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။

၎င်းအဖွဲ့အနေဖြင့် တင်းမာမှုလျှော့ချရေးမှသည်  စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်မှု၊ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုများအထိ ကိစ္စရပ်အသီးသီးကို ဖြေရှင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယွန်းက ဆိုသည်။

မြောက်ကိုရီးယား လူထုအနေဖြင့်လည်း လွတ်လပ်မှုကို အခြေခံသော ပြန်လည်ပေါင်းစည်းရေးအား စိတ်အားထက်သန်စွာ မျှော်လင့်တောင့်တသည့် စိတ်ဆန္ဒများ ကိန်းအောင်းဖြစ်ပေါ်လာရန် လိုအပ်ကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။

“မြောက်ကိုရီးယား အစိုးရက ကျွန်တော်တို့ရဲ့ ရေဘေးကယ်ဆယ်ရေး အထောက်အပံ့တွေကို အကြိမ်ကြိမ်ငြင်းပယ်ထားပေမဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးမယ့် ကမ်းလှမ်းမှုတွေကို ဘယ်တော့မှရပ်တန့်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားသည် မကြာသေးမီက ပြင်းထန်သော ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅,၀၀၀ ကျော်အား မြို့တော်ပြုံယမ်းသို့ ရွှေ့ပြောင်းထားရသည်။ ဇူလိုင်လနှောင်းပိုင်းက စံချိန်တင်မိုးသည်းထန်မှုများကြောင့် တရုတ်နှင့်နယ်စပ်အနီးရှိ မြောက်ပိုင်းဒေသများတွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ကာ နေအိမ်များနှင့် လယ်ယာမြေများ ရေမြုပ်ခဲ့သည်။

Ref: AFP

Most Read

Most Recent