ဂါဇာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ဝေဖန်ပြစ်တင်မှုများနှင့် အစ္စရေး ရင်ဆိုင်နေရ

ဂါဇာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ဝေဖန်ပြစ်တင်မှုများနှင့် အစ္စရေး ရင်ဆိုင်နေရ
သြဂုတ် ၁၀ ရက်က ဂါဇာဒေသရှိ အယ်အက်ဆာ အာဇာနည်ဆေးရုံဝင်းတွင် သေဆုံးသူများအနီး ဆုတောင်းပေးနေကြသော အမျိုးသားများကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၁၀ ရက်က ဂါဇာဒေသရှိ အယ်အက်ဆာ အာဇာနည်ဆေးရုံဝင်းတွင် သေဆုံးသူများအနီး ဆုတောင်းပေးနေကြသော အမျိုးသားများကို တွေ့ရစဉ်(Photo:AFP)
Published 12 August 2024

ပါလက်စတိုင်းရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံနေသည့် စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကြောင့် သြဂုတ် ၁၀ ရက်တွင် သေဆုံးသူ ၉၃ ဦးရှိလာခဲ့သည်ဟု ဂါဇာရှိ ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့ပြီး အစ္စရေးက ၎င်းတို့သည် ဟားမာ့စ်လက်နက်ကိုင်များကို ပစ်မှတ်ထားခဲ့ကြောင်း ခုခံပြောကြားနေသည့်တိုင် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

အေအက်ဖ်ပီသတင်းဌာနက သေဆုံးသူအရေအတွက် အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယင်းအရေအတွက်ကို အတည်ပြုနိုင်ခဲ့လျှင် ထိုလေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟားမာ့စ်လက်နက် ကိုင်အဖွဲ့ကြား ဂါဇာတွင် ၁ဝလကြာဖြစ်ပွားသည့် စစ်ပွဲအတွင်း နေ့အလိုက်အကြီးမားဆုံး လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များမှတစ်ခုအပါအဝင် ဖြစ်လာဖွယ်ရှိသည်။

နိုင်ငံတကာ ကြားဝင်ဖြန်ဖြေပေးသူများက အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် နှစ်ဖက်စလုံးကို ဖိတ်ကြားခဲ့ပြီးနောက် အယ်တာဘီယန်ဒေသရှိ စာသင်ကျောင်းနှင့် ဗလီကို ဗုံးကြဲတိုက်ခိုက်မှုအား အရှေ့အလယ်ပိုင်းတစ်ဝန်းတွင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

ဒေသခံများက အရုဏ်တက်ဝတ်ပြုနေချိန်တွင် ဂါဇာစီးတီးမြို့ရှိ အဆောက်အအုံတစ်ခုကို အစ္စရေးက ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ဟားမာ့စ်တို့ အုပ်ချုပ်သည့် နယ်မြေရှိ အရပ်ဘက်ကာကွယ်ရေးကယ် ဆယ်ရေးသမားများက ပြောကြားခဲ့သည်။စစ်တပ်က ၎င်းတို့သည် ပစ်မှတ်တိကျသော လက်နက်ခဲယမ်းများကို အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

ရွှေ့ပြောင်းပါလက်စတိုင်းများ ခိုလှုံနေသည့် စာသင်ကျောင်းတွင် အစ္စရေး၏ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၃ ဦးတွင် ကလေး၁၁ ဦးနှင့် အမျိုးသမီးခြောက်ဦးပါဝင်ကာ အမည်မသိ ကိုယ်ခန္ဓာအစိတ်အပိုင်းအ များအပြားကို တွေ့ရှိခဲ့သည်ဟု အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘက်ဆယ်က ဆိုသည်။

“ဒေသခံတွေ ဝတ်ပြုနေချိန်မှာ သူတို့(အစ္စရေး)က ဒုံးကျည်တစ်စင်း ပစ်ချလိုက်ပါ တယ်”ဟု ပလတ်စတစ် အလောင်းအိတ်ဖြင့် ထုတ်ထားသည့် ၎င်း၏ကလေးဖြစ်သူ အလောင်းဘေးတွင် ငိုကြွေးနေသည့် အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က အယ်တာဘီယန်ကို ပစ်မှတ်တိတိကျကျဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟားမာ့စ်နှင့် ဂျီဟတ်စစ်သွေးကြွ ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ဟားမာ့စ်အဖွဲ့က ယင်းသည် အန္တရာယ်ရှိသော တင်းမာမှုတစ်ခုအဖြစ် ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းအဖွဲ့၏ လက်ဘနွန်မဟာမိတ် ဟစ်ဇ်ဘိုလာက ယင်းတိုက်ခိုက်မှုကို ထိတ်လန့်ဖွယ်ကောင်းသော လူအစုလိုက်သတ် ဖြတ်မှုဟု ခေါ်ဆိုခဲ့သည်။

ယင်းအဖွဲ့နှစ်ဖွဲ့လုံးကို ကျောထောက် နောက်ခံပေးထားသည့် အီရန်က အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲပျံ့နှံ့စေလိုသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

“ဗလီထဲမှာရှိတဲ့ လူအားလုံး သေဆုံးကုန်ကြပါတယ်”ဟု ဒေသခံ အဘူဝက်ဆမ်က ဆိုသည်။

သြဂုတ် ၁၀ ရက် တိုက်ခိုက်မှုဖြစ်စဉ်သည် ဇူလိုင် ၆ ရက်နောက်ပိုင်း ဂါဇာရှိစာသင်ကျောင်း ၁၄ ကျောင်းထက် မနည်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး လူပေါင်း ၂၈၀ ကျော်သေဆုံးခဲ့သည်ဟု ဂါဇာတာဝန်ရှိသူများ၏ ယခင် ထုတ်ပြန်ချက်အပေါ် အေအက်ဖ်ပီသတင်းဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

Ref:AFP

 

Most Read

Most Recent