အမေရိကန်ကောလိပ်များမှ နိုင်ငံခြားသား ဘွဲ့ရကျောင်းသားများကို အမြဲတမ်းနေထိုင်ခွင့်ကတ် (green card) ထုတ်ပေးချင်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်ကောလိပ်များမှ နိုင်ငံခြားသား ဘွဲ့ရကျောင်းသားများကို အမြဲတမ်းနေထိုင်ခွင့်ကတ် (green card) ထုတ်ပေးချင်သည်ဟု ဒေါ်နယ်ထရန့် ပြောကြား
ဇွန် ၁၈ ရက်က ဝစ္စကွန်ဆင်ပြည်နယ်တွင်  သမ္မတဟောင်းဒေါ်နယ်ထရန့်စည်းရုံးရေးဆင်းနေသည်ကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၁၈ ရက်က ဝစ္စကွန်ဆင်ပြည်နယ်တွင်  သမ္မတဟောင်းဒေါ်နယ်ထရန့်စည်းရုံးရေးဆင်းနေသည်ကို တွေ့ရစဉ်(Photo:AFP)
Published 21 June 2024

အမေရိကန်ကောလိပ်များမှ နိုင်ငံခြားသားဘွဲ့ရကျောင်းသားများကို အမြဲတမ်းနေ ထိုင်ခွင့်ကတ်(green card) ထုတ်ပေးချင်သည်ဟု ဒေါ်နယ်ထရန့် ကပြောကြားခဲ့ရာ ယင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ ၎င်းသဘောထားတင်းမာသောအမြင်ကို ပျော့ပျောင်းလိုက်ပုံရသည်ဟု ဆိုနိုင်သည်။

ရီပတ်ဘလီကင်ပါတီကို ကိုယ်စားပြု၍ သမ္မတအဖြစ် ဝင်ရောက်အရွေးခံမည့် ဒေါ်နယ်ထရန့်သည် ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ သော podcast ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒင်က တရားမဝင် နယ် စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို မကြာသေးမီက ဖြိုခွင်းမှုများအား ဟန်ချက်ညီအောင်လုပ်သည့်အနေဖြင့် အမေရိကန်နိုင်ငံသားများကို အိမ်ထောင်ပြုထားသောရွှေ့ ပြောင်းသန်းတစ်ဝက်အတွက် နိုင်ငံသားဖြစ် ရေးလမ်းကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ဒေါ်နယ်ထရန့်ကလည်း ရွေးကောက်ပွဲ၌ အရေးပါသော ကိစ္စဖြစ်လာနိုင်သည့် လူဝင်မှုကြီးကြပ်ရေးကိစ္စကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ဘိုင်ဒင်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲများ ရှိနေခဲ့သည်။ အထူးသဖြင့် ထိုပြဿနာသည် နိုဝင်ဘာသမ္မတရွေးကောက်ပွဲ မတိုင်မီ အမေရိကန်ပြည်သူများအတွက် ကြီး ကြီးမားမား သဘောထားကွဲစေသော ပြဿနာဖြစ်သည်။

ဘိုင်ဒင်က ယင်းသို့ကြေညာလိုက်ခြင်းသည် နိုင်ငံရေးအရ အန္တရာယ်များသော လုပ်ဆောင်ချက်ကို လုပ်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည့်အပြင် ဘိုင်ဒင်က ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ဘိုင်ဒင်၏နိုင်ငံရေးကစားကွက်ဖြစ်သည်ဟုလည်း သုံးသပ်နေကြသည်။ ပြိုင်ဘက် ဒေါ်နယ်ထရန့်ကမူ ရွှေ့ပြောင်းကျူးကျော်မှုဟုဆိုကာ တရားမဝင်များကို နှင်ထုတ်ရန် ကြိုးစားနေသည် ဟု ဝေဖန်ခံနေရသည်။

“ကျွန်တော်လုပ်ချင်တဲ့အရာ၊ ကျွန်တော်လုပ်မယ့်အရာကတော့ ကောလိပ်ကနေခင်ဗျား ဘွဲ့ရတဲ့အခါ ခင်ဗျားဟာ ဒီပလိုမာရတဲ့အနေနဲ့ဒီနိုင်ငံမှာ နေထိုင်ဖို့ အမြဲတမ်းနေထိုင်ခွင့်ကတ်ကို အလိုအလျောက်ရသွား မယ်လို့ထင်ပါတယ်”ဟု ထရန့်က All –In podcast တွင် ပြောကြားခဲ့သည်။

Green Card သည် အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့်အတွက် အသုံးပြုသော နာမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားဖြစ်လာစေမည့် အဆင့်တစ်ခုလည်း ဖြစ်သည်။

အမြဲတမ်း နေထိုင်ခွင့်ကတ်ရရှိသူများထဲတွင် ကောလိပ်မှ ဘွဲ့ရသူမည်သူမဆို ပါဝင်နေသည့်အပြင် ဂျူနီယာကောလိပ် ကျောင်းသားများနှင့် ပါရဂူတန်းတက်နေသူများဖြစ်သည့် နှစ်နှစ်ကြာ ပရိုဂရမ်ပြီးသူများ ပါဝင်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ အတော်ဆုံးနှင့်အထက်မြက်ဆုံးသူများကို ပြည်တွင်းသို့ခေါ်ယူရေးကို ကူညီမလားဟု podcast အစပိုင်းတွင် ထရန့်ကို မေးမြန်းသည့်အခါ ကူညီမည်ဟု ၎င်းက ဖြေကြားခဲ့သည်။

“ထိပ်တန်းကောလိပ်တစ်ခုခု ဒါမှမဟုတ် ကောလိပ်တစ်ခုခုကနေ ဘွဲ့ရခဲ့တဲ့သူတွေဟာ ဒီမှာတော်တော်လေး နေချင်ကြတယ်ဆိုပေယ့် နေထိုင်လို့မရဘူးဆိုတဲ့အကြောင်းတွေကို ကျွန်တော်သိနေပါတယ်” ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့ပြီး ၎င်းတို့သည် အိန္ဒိယ၊တရုတ်၊ အခြားနေရာများသို့ ပြန်သွားကြရသည်ဟု ဆိုသည်။

Ref:AFP

Most Read

Most Recent