အီတလီကမ်းရိုးတန်းအလွန်တွင် သင်္ဘောပျက်နှစ်စီးကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည်ဟု ယူဆရသော ရွှေ့ပြောင်းများကို ကမ်းခြေစောင့်တပ်က ရှာဖွေလျက်ရှိ

အီတလီကမ်းရိုးတန်းအလွန်တွင် သင်္ဘောပျက်နှစ်စီးကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည်ဟု ယူဆရသော ရွှေ့ပြောင်းများကို ကမ်းခြေစောင့်တပ်က ရှာဖွေလျက်ရှိ
ကာလာဘရီယာကမ်းရိုးတန်းအလွန်၌ နစ်နေသော ရွက်သင်္ဘောပုံကို ဇွန် ၁၇ ရက်တွင် အီတလီကမ်းခြေ စောင့်တပ်က ထုတ်ပြန်ပေးခဲ့သည့်ပုံတွင် တွေ့ရစဉ်(Photo:AFP)
ကာလာဘရီယာကမ်းရိုးတန်းအလွန်၌ နစ်နေသော ရွက်သင်္ဘောပုံကို ဇွန် ၁၇ ရက်တွင် အီတလီကမ်းခြေ စောင့်တပ်က ထုတ်ပြန်ပေးခဲ့သည့်ပုံတွင် တွေ့ရစဉ်(Photo:AFP)
Published 18 June 2024

သင်္ဘောပျက်မှု နှစ်ခုတွင် လူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက် ဇွန် ၁၇ ရက်တွင် ကယ်ဆယ်ရေးသမားများသည် အသက်ရှင် ကျန်ရစ်သူများ သို့မဟုတ် ပျောက်နေသည်ဟု ယူဆရသည့် ရွှေ့ပြောင်း ဒါဇင်ပေါင်းများစွာ၏ အလောင်းများကို အီတလီတောင်ပိုင်းအလွန် ပင်လယ်ပြင်တွင် ရှာဖွေလျက်ရှိသည်။

တူရကီနိုင်ငံမှ ထွက်ခွာလာသည်ဟု ယူဆရပြီး ရွှေ့ပြောင်းများပါလာသည့် ရွက်သင်္ဘောတစ်စီး ပျက်သွားပြီးနောက် ပင်လယ်ပြင်၌ ရွှေ့ပြောင်း ၆၀ အထိ အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေ ရှိနေခြင်းနှင့်အတူ အီတလီကမ်းခြေစောင့်တပ်သည် ဇွန် ၁၆ ရက်ညပိုင်းကတည်းက ပျောက်သွားဖွယ်ရှိ နေသူများကို ရှာဖွေနေသည်။

အီတလီကမ်းရိုးတန်းမှ ရေမိုင် ၁၂၀ အကွာတွင်ရှိနေသော ပြင်သစ် အပျော်စီးသင်္ဘောမှ အကူအညီတောင်းခံမှုရှိလာခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်ဟု ဆိုသည်။

သင်္ဘောပေါ်တွင် အသက်ရှင်လျက်ရှိသောရွှေ့ပြောင်း ၁၂ ဦးကို မခေါ်ဆောင်မီရေတွင် တစ်ဝက်နစ်နေသော သင်္ဘောတစ်စီးရှိနေသည်ဟု ပြင်သစ်သင်္ဘောက အာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။

ပြင်သစ်သင်္ဘောက ခေါ်ဆောင်လာသောသူများကို အီတလီကမ်းခြေစောင့်တပ်ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ကမ်းခြေစောင့်တပ်သည် ၎င်းတို့ကို အီတလီတောင်ပိုင်းရှိ ရိုဆယ်လာအိုင်ယွန်နီကာမြို့သို့ ပို့ ဆောင်ပေးခဲ့သည်။

အသက်ရှင်သူ ၁၂ ဦးထဲက တစ်ဦးသည် ကုန်းပေါ်သို့ရောက်လာပြီးနောက် သေဆုံးသွားခဲ့သည်ဟု ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။

သင်္ဘောပျက်သွားခဲ့ပြီးနောက် ရွှေ့ပြောင်း ၅၀ ဝန်းကျင်ခန့် ပျောက်နေသည်ဟု ANSA သတင်းဌာနက ဖော်ပြခဲ့သည်။ ရွှေ့ပြောင်း ၆၄ ဦးရှိသည်ဟု ရေဒီယိုရာဒီကယ်က ဖော်ပြခဲ့ပြီး ပင်လယ်ပြင်၌ အသက်ဆုံးရှုံးသွား သူများသည် အာဖဂန်နစ္စတန်နှင့်အီရန်တို့မှဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ကလည်း အသက်ရှင်ကျန်ရစ်သူအားလုံးကို စိတ်ပိုင်းဆိုင်ရာ အကူအညီများပေးနေသည်ဟု ဆိုသည်။

ဆရာဝန်အဖွဲ့သည် လူ ၁၂ ဦးအတွက် ရှေ့ဦးသူနာပြုစုပေးခဲ့ကြောင်း၊ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခြင်းကြောင့် ကုန်းပေါ်ကိုရောက်လာပြီး မကြာမီ သေဆုံးသွားခဲ့သော အမျိုးသမီးကိုလည်း ရှေးဦးသူနာပြုစုပေးခဲ့သည်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။

ဇွန် ၁၇ ရက်တွင် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အီတလီကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပြီး ယင်းသို့ ရှာဖွေရာတွင် ဥရောပနယ်စပ်နှင့်ကမ်းခြေ စောင့်အေဂျင်စီဖြစ်သော Frontex နှင့်အတူ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

တောင်ဘက်ပိုင်းတွင်လည်း ကယ်ဆယ်ရေးသမားများသည် လမ်ပီဒူဆာအီတလီ ကျွန်းအလွန်၌ သစ်သားလှေပေါ်က ရွှေ့ပြောင်းများကို အကူအညီပေးခဲ့သည်ဟု ဂျာမနီအန်ဂျီအိုအဖွဲ့ဖြစ်သော ResQship က ဇွန်၁၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ သစ်သားလှေပေါ်တွင်  အလောင်း ၁၀ လောင်းကို တွေ့ရသည်ဟု ဆိုသည်။ လှေသည်ရေများပြည့်နေပြီး လူ ၅၁ ဦးကို ကယ်တင်ခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် ဘင်္ဂ လားဒေ့ရှ်၊ ပါကစ္စတန်၊ အီဂျစ်၊ဆီးရီးယားတို့ မှဖြစ်သည်ဟုဆိုသည်။          

 Ref:AFP

Most Read

Most Recent