WFP ဂိုဒေါင်များ မီးလောင်ပျက်စီးခဲ့ခြင်းသည် AA အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်ခြင်းကြောင့်ဟု ဆို

WFP ဂိုဒေါင်များ မီးလောင်ပျက်စီးခဲ့ခြင်းသည် AA အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်ခြင်းကြောင့်ဟု ဆို
Published 26 June 2024

WFP ဂိုဒေါင် မီးလောင်ကျွမ်းသည့် ဂိုဒေါင်များ မီးလောင်ပျက်စီးခဲ့ခြင်းသည် AA အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)  ၏ ဂိုဒေါင်အား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်စဉ်အမှန်၊ AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

" ဒီနေ့မှာတော့ မီဒီယာတွေ မေးမြန်းနေကြတဲ့ မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်သွား ကား လမ်းရဲ့တောင်ဘက်မှာရှိတဲ့ ကမ်ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်။ လုယက်တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြောကြားလိုပါတယ်။ အဲ့ဒီနယ်မြေဒေသရဲ့ အခြေအနေ အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော- ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိပြီးတော့ အဲ့နေရာမှာ အရင်တုန်းကတော့ UNHCR၊ WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ရုံးတွေ၊ ဂိုဒေါင်တွေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်းမှာ မေလကတည်းက အဲနေရာမှာ ရုံးထိုင်တဲ့သူတွေမရှိတော့ဘဲနဲ့ နယ်မြေခံ ဘင်္ဂါလီအစောင့်တွေလောက်သာ ထားခဲ့နိုင်ပြီးတော့ ပြန်သွားတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ပတ်သက်ပြီးလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်းမရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။ ဇွန်၂၁ ရက်မှာတော့ မောင်တောမှာရှိတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေးအဖွဲ့က ဒီနေရာတွေကို ကင်းလှည့်ရပါတယ်။ ကင်းလှည့်ဆောင်ရွက်တဲ့နေရာမှာ WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့ အရှေ့ဘက် ဝေသာလီကျေးရွာ အရောက်မှာ စိမ့်ဝင်နေတဲ့ AA တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်။ အဲတိုက်ပွဲဖြစ်ပွားချိန်မှာ AA အဖွဲ့အနေနဲ့ Drone များကို အဓိကသုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာပဲ AA အဖွဲ့အနေနဲ့ အဲဒီ WFP ဂိုဒေါင်တွေကိုဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ အဲမှာရှိနေတဲ့ ပစ္စည်းတွေကို လုယက်ဖို့ပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့နှင့်အတူ ၎င်းအဖွဲ့အား ထောက်ခံအားပေးနေသည့် ဒေသခံ ရခိုင်တိုင်းရင်းသား အချို့လည်း ပါဝင်သည်ဆိုခြင်းကို ဒေသခံဘင်္ဂါလီများ၏ ပြောကြားချက်အရ သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဒေသခံ ဘင်္ဂါလီရွာသားများအနေနှင့် အဆိုပါ ဂိုဒေါင်များတွင်ရှိသည့် ပစ္စည်းများ AA အဖွဲ့၏ လက်ထဲမရောက်စေရေး အတွက် အနီးနားမှာရှိသည့် လုံခြုံသည့်နေရာများကို ဇွန် ၂၁ ရက်ကတည်းက စတင်ရွှေ့ပြောင်းခဲ့သည်ကို သိရှိခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ဇွန် ၂၂ ရက်မှာတော့ ဒီလိုရွှေ့ပြောင်းတယ်ဆိုတာ သိတဲ့အတွက် AA အနေနဲ့ Drone နဲ့ ကင်းထောက် ထောက်လှမ်းပြီး အဲဒီ WFP ဂိုဒေါင်တွေကို Drone နဲ့ ဗုံးကြဲခဲ့တယ်ဆိုတာကို Drop Bomb များချ တိုက်ခိုက်ခဲ့တယ်ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ဒီဂိုဒေါင်တွေ တချို့မီးလောင်းပျက်စီးခဲ့တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ သူတို့ ထုတ်ပြန်ထားတဲ့ ပုံတွေမှာ ကြည့်ရင်ကို ဒီအချက်အလက်ကို သိသာနိုင်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဂိုဒေါင်တွေနဲ့ အဲ့အနီးနားမှာရှိနေတဲ့ ရုံးတွေမှာ UN ဆိုတဲ့ ကုလသမဂ္ဂ အမှတ်အသားကို ဂိုဒေါင်အမိုးတွေမှာ ထင်ထင်ရှားရှား ရေးထားတာ၊ ရုံးတွေမှာ ထင်ထင်ရှားရှား ရေးထားတာ တွေ့ရပါတယ်။ သိလျက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့လို့လည်း ဂိုဒေါင်အမိုးတွေ Drop Bomb ဒဏ်ကြောင့် ပေါက်ပြဲ၊ ပေါက်ကွဲပြီးတော့ မီးလောင်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဒေသခံ ဘင်္ဂါလီများသည် ၎င်းတို့သယ်ထုတ်ထားသည့် ဆန်အိတ်များနှင့်ပတ်သက်၍ သတင်းပို့ခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် ဇွန် ၂၂ ရက်တွင် မောင်တောတွင်ရှိသည့် ဒုက္ခသည်များကို ထောက်ပံ့ရန် ရည်ရွယ်ထားသည့် ဆန်အိတ်များဖြစ်ခြင်းကြောင့် ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄)၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် စသည့် ရပ်ကွက်များတွင်ရှိသည့် 

အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စု တစ်စုလျှင် တစ်အိတ်စီနှင့် ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့သည်ကိုတွေ့ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

" AA အနေနဲ့က ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီများကိုလည်း နေအိမ်မှာမနေနိုင်အောင် နှင်ထုတ်ပြီး ဖြစ်ပါတယ်။ အလားတူပဲ မောင်တောကို တိုက်ခိုက်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ဒေသခံ ဘင်္ဂါလီများ၊ ဒုက္ခသည်များကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ပစ္စည်းများကို လုယူရန် ကြံစည်ခြင်းဖြစ်ပြီး မအောင်မြင်တဲ့အခါမှာ အခုလို ဂိုဒေါင်ကို Drop Bomb ချပြီး မီးရှို့ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent