ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၁၀၀ ကျော်မြင့်တက်လာသော်လည်း ဆီဝယ်ယူရမှုမှာ ပုံမှန်အခြေအနေသို့ မရောက်သေး

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၁၀၀ ကျော်မြင့်တက်လာသော်လည်း ဆီဝယ်ယူရမှုမှာ ပုံမှန်အခြေအနေသို့ မရောက်သေး
Published 16 August 2024

ရန်ကုန်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်သော်လည်း ဆီဝယ်ယူရမှုမှာ ပုံမှန်အခြေအနေသို့ မရောက်သေးကြောင်း ရန်ကုန်မြို့တွင်း စက်သုံးဆီဝယ်ယူခဲ့သည့် မော်တော်ယာဉ်မောင်းနှင်သူများက သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရသည့် အခြေအနေမှာ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခုထိတော့ ပုံမှန်အခြေအနေကို မရောက်သေးဘူး။ ညကတည်းက တန်းစီတာ မနက်မှ ရတယ်။ အခုလည်း တချို့ဆိုင်တွေက မနက်ပိုင်းရောင်းပေးတယ်။ နေ့လည်ပိုင်းမှာတော့ တချို့ဆိုင်တွေမှာ ဆီကုန်သွားလို့ မရတော့ဘူး။ ကားတွေကတော့ မရလည်း ရောက်တဲ့ဆိုင်မှာ တန်းစီနေရတာပဲ” ဟု သြ ဂုတ် ၁၆ ရက်နံနက်ပိုင်းတွင် ဆီဝယ်ယူရရှိခဲ့သည့် မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၆ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၉၀၀၊ ၉၅ တစ်လီတာ ကျပ် ၃၀၄၅၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၃၁၁၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၅၆၀ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၇၅၀၊ ၉၅ တစ်လီတာ ကျပ် ၂၈၉၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၉၄၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၂၄၅၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၁၀၀ ကျော်မြင့်တက်လာခြင်းလည်းဖြစ်သည်။

“ဆီစျေးတော့ တက်လာပေမယ့် ဆီတော့ မရသေးဘူး။ အချိန်ပေးတန်းစီနေရတုန်းပဲ။ ဆီတွေက ဆိုင်မှာ လေးမျိုးလုံးမရသေးဘူး။ အများဆုံး နှစ်မျိုးပဲရသေးတယ်” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ယူရန် ညအိပ်တန်းစီသည့် မော်တော်ယာဉ်များရှိနေသေးကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်တွင် စက်သုံးဆီများအလုံအလောက်မရရှိသဖြင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအချို့တွင်လည်း ကျောင်းသူကျောင်း သားများကို ကြိုပို့သည့်မော်တော်ယာဉ်များ မပြေးဆွဲနိုင်ဘဲ မိမိအစီအစဉ်ဖြင့်သာလာ ရောက်ပို့ဆောင်ကြရန် မှာကြားလျက်ရှိသည်ဟု ကျောင်းသားမိဘအချို့၏ ပြောကြားချက်အရ သိရသည်။

“ကျောင်းကားမလာနိုင်လို့ ကျောင်းကို လာပို့ပါလို့ပြောတယ်။ ကျွန်တော်တို့က ကျောင်းနဲ့နီးလို့ သွားပို့လို့ရပေမယ့် တခြားသူတွေအတွက်ကတော့ အခက်အခဲရှိတာပေါ့။ လူခွဲမရှိတဲ့ မိဘတွေဆို ကျောင်းသွားပို့ဖို့ အဆင်မပြေတော့ဘူးပေါ့” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဆီဆိုင်အများစုမှာ မော်တော်ယာဉ်တစ်စီးလျှင် အများဆုံး ကျပ်ငါးသောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရသည်။

“တဆိုင်နဲ့ တဆိုင်တော့မတူဘူး။ ဆိုင်တချို့က ငါးသောင်းဖိုးပေးတယ်။ တချို့က သုံးသောင်းဖိုးပေးတယ်။ သုံးသောင်းဖိုးလောက်ပဲရတဲ့ဆိုင်က များပါတယ်” ဟု မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်သုံးဆီတန်းစီနေသည့် မော်တော်ယာဉ်အချို့ အငြင်းပွားပြီး စကားများ ရန်ဖြစ်မှုများလည်းရှိနေသည်ဟု သိရသည်။

သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများ ဖြစ်ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက်လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများ‌သို့ ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent