မန္တလေးမြို့တွင် စက်သုံးဆီ တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ပြင်ပပေါက်ဈေးကျပ်တစ်သောင်းဝန်းကျင်အထိ ရောင်းချမှုများ ရှိလာ

မန္တလေးမြို့တွင် စက်သုံးဆီ တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ပြင်ပပေါက်ဈေးကျပ်တစ်သောင်းဝန်းကျင်အထိ ရောင်းချမှုများ ရှိလာ
Published 2 August 2024

ယခုရက်ပိုင်းများအတွင်း စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုနှင့် အချိန်ကြာမြင့်စွာ စီတန်းထုတ်ယူရမှုအခြေအနေများကြောင့် မန္တလေးမြို့တွင် စက်သုံးဆီပြင်ပပေါက်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီး တစ်လီတာဆံ့ ရေသန့်ဘူးတစ်ဘူးလျှင် ၈၀၀၀ ၊ ၉၀၀၀ ကျပ်မှ တစ်သောင်းကျပ်အထိ ရောင်းချမှုများရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည် ။

မန္တလေးမြို့ဧရိယာအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် ဆီထုတ်ယူရန် တန်းစီလျက်ရှိသည့် မော်တော်ယာဉ်နှင့်ဆိုင်ကယ်များမှာ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ကာ စီတန်းစောင့်ဆိုင်းနေကြပြီး အဆိုပါယာဉ်တန်းမှာ  ၄ မိုင် ၅ မိုင်ခန့်အထိပင် ရှိသည်ဟု မြို့ခံများက ပြောကြားသည် ။

" ဆီဆိုင်တွေမှာက တန်းစီတဲ့သူတွေ တစ်ရက်ထက်တစ်ရက် အရမ်းများလာတော့ မနက် ၆ နာရီထ တန်းစီတာတောင် ၃ နာရီကျော် တန်းလိုက်ရတယ် ။ အချိန် ၃ နာရီ တန်းစီပြီး ဆီသုံးထောင်ဖိုးပဲ ထည့်ပေးတာ " ဟု ဆိုင်ကယ်စီတန်းသူတစ်ဦးက ပြောကြားသည် ။

"ဆီဆိုင်တွေက ကားတစ်စီးကို တစ်သောင်းဖိုး ၊ နှစ်သောင်းဖိုးပဲ ပေးတယ် ။ ဆိုင်တချို့ကတော့ သုံးသောင်းဖိုးအထိ ပေးတယ် ပြောတာပဲ ။ ဆိုင်ကယ်ကတော့ တစ်စီးကို သုံးထောင်ဖိုး ငါးထောင်ဖိုး ဆိုပြီး ဆီခွဲတန်းအပေါ်မူတည်ပြီး ပေးတာ ။ ဆီ သုံးထောင်ဖိုးရဖို့ နေ့တဝက်လောက်ထိ တန်းစီနေရတာ " ဟု မြို့ခံတစ်ဦးက ပြောကြားသည် ။

ယင်းသို့ စီတန်းစောင့်ဆိုင်းချိန်ကြာမြင့်ခြင်း ၊ စက်သုံးဆီပြတ်လပ်လာခြင်းများကြောင့် ပြင်ပဆီ ပေါက်ဈေးနှုန်းများမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည် ။

" အစပိုင်းကတော့ ရေသန့်ဘူးတစ်ဘူးကို ၄၀၀၀ ၊ ၄၅၀၀ ကျပ် လောက်ပဲ ရှိသေးတာ ။ နောက်တော့ ၅၀၀၀ ၊ ၆၀၀၀ ဆိုပြီး ရောင်းကြတယ် ။ မနေ့ကတော့ တစ်ဘူးကို ၉၀၀၀ တဲ့ ။ ဒါတောင် ရေသန့်ဘူး အပြည့်မပါဘူး ။ ဆိုင်ကယ်က ဆီ လုံးဝ ပြတ်သွားတာမို့ မထည့်မဖြစ်လို့ ၉၀၀၀ ပေးပြီး ထည့်ခဲ့ရတယ် ။ တချို့နေရာတွေဆို တစ်ဘူးကို တစ်သောင်အထိ ရောင်းနေတာလို့ ကြားရတယ် " ဟု အမရပူရ ကွက်သစ်ရပ် နေထိုင်သူတစ်ဦးက ပြောကြားသည် ။

 

မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့်ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု စက်သုံးဆီအသင်းက ထုတ်ပြန်သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက်လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများ‌သို့ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင်ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက်သုံးဆီသိုလှောင်ကန်များတွင်လည်း ဆီလုံလောက်စွာရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း၊ စက်သုံးဆီ ပိုမိုလျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန်လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း စက်သုံးဆီအသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent