■ လေပက်ကား ဈေးနှုန်းများဖြင့် ရွှေဈေးနှုန်း ဈေးကစားသူ တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး  အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်တို့အပါအဝင် ရွှေဆိုင်များမှ တာဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦး တိမ်းရှောင်နေဟု ထုတ်ပြန်

■ လေပက်ကား ဈေးနှုန်းများဖြင့် ရွှေဈေးနှုန်း ဈေးကစားသူ တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး  အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်တို့အပါအဝင် ရွှေဆိုင်များမှ တာဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦး တိမ်းရှောင်နေဟု ထုတ်ပြန်
Published 2 June 2024

■ လေပက်ကား ဈေးနှုန်းများဖြင့် ရွှေဈေးနှုန်း ဈေးကစားသူ တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး 

အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်တို့အပါအဝင် ရွှေဆိုင်များမှ တာဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦး တိမ်းရှောင်နေဟု ထုတ်ပြန်

နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေဈေးနှုန်း ကျပ်သိန်း ၆၀ ခန့်အထိ ဈေးကစား ဆွဲတင်ခဲ့သော တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေဆိုင်များမှ တာဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ် တကယ်မဖြစ်သည့် လေပက်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

  ထိုသို့ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ် ပြုလုပ်နေသည့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

  ၎င်းတို့၏ ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့်  အောက်ပါတရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

  ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြိုနယ်ရှိ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ပွဲစား ဦးကျော်ဝင်း (ခ) ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး(ခ) ချက်ကြီး၊ လမ်းမ‌တော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင် (ခ) စန္ဒာတင် စသည်တို့ဖြစ်သည်။

  ထိုကဲ့သို့ ပြည်တွင်း‌ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်ငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများအပါအဝင် ဖမ်းဆီးရမိ တရားခံ စုစုပေါင်း ၂၁ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံ လှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

Most Read

Most Recent