ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွား
Published 26 June 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ယနေ့  (ဇွန် ၂၆ ရက်)  ညပိုင်း ၇  နာရီ မိနစ် ၅၀ ခန့်မှစ၍ ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း  ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက  ထုတ်ပြန်သည်။

ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာ မရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှု လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent