ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးခဲ့ကာ သုံးဦး ဆေးရုံတင်ထားရ

ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးခဲ့ကာ သုံးဦး ဆေးရုံတင်ထားရ
Published 27 September 2024

ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေတစ်စီးမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးခဲ့ကာ သုံးဦးမှာ ဆေးရုံတင်ထားရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ 

ပြီးခဲ့သည့် စတက်တင်ဘာ ၁၇ ရက်နေ့က သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီးပင်လယ်ပြင်အတွင်း ငါးဖမ်းပြီးနောက် ရေးမြို့နယ် အစင်စံပြကျေးရွာရှိ ဓမင်းဆိပ်အပိုင်းသို့ ပြန်ဝင်လာသည့် ငါးဖမ်းစက်လှေတစ်စီးပေါ်တွင် ရေလုပ်သားတချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေကြကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျိုက္ခမီပင်လယ်ပြင်က လှေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ကြတော့ ငါးဖမ်းလှေတွေက ကျိုက္ခမီမှာကပ်လို့မရကြဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ညနေပိုင်းမှာ ငါးဖမ်းလှေတစ်စီးက ကျိုက္ခမီကို လှေဝင်ခွင့်မရလို့ အစင်ကျေးရွာဘက်က ဓမင်းဆိပ်ကနေ လှေဝင်လာပြီးတော့ ကမ်းပေါ်တက်လာကြတာ။ အဲ့ဒီလှေမှာက လှေသားလေးဦးက ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်နေကြတယ်။ အဲ့ဒီထဲကမှ တစ်ဦးက ညနေ (၅) နာရီလောက်မှ ဆုံးသွားတယ်။ ကျန်တဲ့ သုံးဦးကိုတော့ ရေးခရိုင်ပြည်သူ့ဆေးရုံကို တင်သွားတယ်” ဟု ပြောကြားသည်။

လက်ရှိတွင်လည်း အဆိုပါ ငါးဖမ်းလှေဝင်ရောက်လာခဲ့သည့် အပိုင်းကို အသွားအလာကန့်သတ်ထားပြီး သက်ဆိုင်ရာကျန်းမာရေးဌာနမှ စောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်ထားကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ယခုစက်တင်ဘာလ ပထမအပတ်အတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတချို့နှင့် ကျားဖောင်တချို့ရှိ လှေလုပ်သားများတွင် ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် လှေလုပ်သားလေးဦးနှင့် စက်တင်ဘာ (၁၅) ရက်တွင် လှေလုပ်သား နှစ်ဦး စုစုပေါင်းခြောက်ဦးသေဆုံးခဲ့ကာ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း (၁၅) ဦးကျော်ရှိခဲ့သည့်ပြင် လှေလုပ်သား (၈၀) ကျော်ကိုလည်း စောင့်ကြည့်နေရသည့်အခြေအနေမျိုးရှိဖြစ်ပွားခဲ့သည်။

ထိုအခြေအနေများကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာန၊ ကြက်ခြေနီနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ကျိုက္ခမီမြို့ခံပြည်သူများပါဝင်သည့် ရောဂါတုံ့ပြန်ရေးကော်မတီဖွဲ့စည်းကာ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ရောဂါတုံ့ပြန်ရေးလုပ်ငန်းစဉ်များ ချမှကာ လုပ်ဆောင်ခဲ့ကြသည့်အတွက် စက်တင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိတော့ဘဲ လတ်တလော ကျိုက္ခမီမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသူ ရေလုပ်သားတစ်ဦးတည်းသာကျန်ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေများ၊ ကျားဖောင်များသို့ ပို့ဆောင်ပေးနေသည့် ကဲ့လှေများဖြင့်တင်ဆောင်သွားသော သောက်ရေနှင့် ရေခဲများ မသန့်ရှင်းရာမှ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားမှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သုံးသပ်ထားကြောင်းလည်း ၎င်းကဆိုထားသည်။ 

လက်ရှိတွင်လည်း ကျိုက္ခမီမြို့ ပေါ်ရပ်ကွက်များနှင့် ကျိုက္ခမီမြို့အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါပိုမိုဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသေးကြောင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပိတ်ထားခဲ့သည့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းစောင့်ကြည့်မှုများလုပ်ဆောင်နေကြောင်း သိရသည်။



■ပုံစာ - ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာန နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများ နှင့် ဆေးဖြန်းသည့် လုပ်ငန်းများဆောင်ရွက်နေသည်ကိုတွေ့ရစဉ်(Photo Credit - U Soe Minrc)

Most Read

Most Recent