■ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ  ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေအား သွားရောက်တွေ့ဆုံ 

■ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ  ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေအား သွားရောက်တွေ့ဆုံ 
Published 15 August 2024

မြန်မာနိုင်ငံ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

ထိုသို့တွေ့ဆုံရာတွင် (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဝမ်ယိ မှတစ်ဆင့် သမ္မတ ရှီကျင့်ဖိန်ထံ နွေးထွေးစွာ နှုတ်ခွန်းဆက်ကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာသိ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ရေရှည် ကိုယ်ကျိုးမဖက်သည့် ကဏ္ဍစုံ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသလို ငြိမ်းချမ်းစွာ အတူနေထိုင်ကြကြောင်း၊ ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်ဟု Xinhua သတင်း၏ ဖော်ပြချက်တွင် ပါရှိသည်။

ဆက်လက်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးသန်းရွှေကို ပြောကြားခဲ့ကြောင်း၊ ဝမ်ယိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နိုင်ငံတကာ အပြောင်းအလဲများ၏စမ်းသပ်မှုကို ဖြတ်သန်းရာတွင် ပို၍ ခိုင်မာခဲ့ကြောင်း ပြောကြားသည်။

အလားတူ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်များ ပိုမိုရရှိအောင် ဆောင်ရွက်သွားလိုကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို  အခိုင်အမာ ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Most Read

Most Recent