ကျောက်မဲမြို့တွင် တပ်မတော်အား သတင်းပေးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် နေအိမ်ဖောက်ထွင်းခြင်းဟူသော စွပ်စွဲချက်များဖြင့် လူ ၁၈၀ ကို TNLA အဖွဲ့က ဖမ်းဆီးထား

ကျောက်မဲမြို့တွင် တပ်မတော်အား သတင်းပေးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် နေအိမ်ဖောက်ထွင်းခြင်းဟူသော စွပ်စွဲချက်များဖြင့် လူ ၁၈၀ ကို TNLA အဖွဲ့က ဖမ်းဆီးထား
Published 12 July 2024

ကျောက်မဲမြို့တွင် တပ်မတော်အား သတင်းပေးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်း၊ တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းနှင့်  နေအိမ်ဖောက်ထွင်းခြင်းဟူသော စွပ်စွဲချက်များဖြင့်  လူ ၁၈၀ ဦးကို ဖမ်းဆီးထားကြောင်း TNLA အဖွဲ့၏ ဇူလိုင် ၁၁ ရက် ထုတ်ပြန်မှုအရ သိရသည်။

TNLA အဖွဲ့အနေဖြင့် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ကျားနှစ်ဦးနှင့် မတစ်ဦးစုစုပေါင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲနေသူ ၁၅၉ ဦးပါဝင်ကြောင်း၊ ၎င်းတို့သည် တပ်မတော်အား သတင်းပေးရန် တပ်မတော်ကပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်ကြောင်း စွပ်စွဲထားသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူကာ နေအိမ်များပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ပြည်သူလူထုများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများ ခိုးယူနေသူနှစ်ဦးနှင့် တပ်မတော် အမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူတစ်ဦး၊ မြို့အတွင်းမူးယစ်ရမ်းကားသူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း TNLA အဖွဲ့က  ထုတ်ပြန်ထားသည်။

အလားတူ တိုက်ပွဲအတွင်း TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို တပ်မတော်အားသတင်းပေးသူ ၁၆ ဦး တို့ကိုလည်း ဖမ်းဆီးရမိထားကြောင်းနှင့် ၎င်းတို့ကို လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ် ကြောင်းလည်း TNLA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် မိုးကုတ်မြို့အနောက်ပိုင်းတို့တွင် တပ်မတော်နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဂ္ဂိလဘဏ်များ၊ လုပ်ငန်းများ၊ နေအိမ်များကို  TNLA အဖွဲ့က ချိပ်ပိတ်မှုများပြုလုပ်လျက်ရှိပြီး နောင်ချိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှရရှိသည့် ပါတီဝင်စာရင်းပါ အမည်စာရင်းများအတိုင်း လိုက်လံရှာဖွေ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံအချို့၏ ပြောကြားမှုအရ သိရသည်။                

ထို့ပြင် နောင်ချိုမြို့တွင် TNLA အဖွဲ့က နေအိမ်များချိပ်ပိတ်ရာ၌  ရှမ်းနှင့် ဗမာလူမျိုးအများစု၏ နေအိမ်များဖြစ်ကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သော်လည်း မည်သည့်ဘက်မျှမပါဝင်ဘဲ  နောင်ချိုမြို့တွင် အေးချမ်းစွာနေထိုင်သူအချို့လည်း TNLA အဖွဲ့က ဖမ်းဆီးလာမည်ကို စိုးရိမ်ပြီး တိမ်းရှောင်နေရကြောင်း သိရ သည်။

ထို့အတူ အတည်မပြုနိုင်သေးသည့် သတင်းများအရ ကျောက်မဲမြို့တွင်လည်း သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ သတ်ဖြတ်ခံရသူများရှိပြီး အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့တွင် နေအိမ်များချိပ်ပိတ်ရာ တွင် တပ်မတော်အားကူညီသူ၊ သတင်းပေးသူ ဖြစ်၍ ချိပ်ပိတ်ခြင်းမျိုးမရှိသေးကြောင်း၊ ရဲတပ်ဖွဲ့နှင့် ဝန်ထမ်းများ၏ နေအိမ်များကိုချိပ်ပိတ်ခြင်းဖြစ်ကြောင်း TNLA အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဒေသတွင်းရွှေဖီမြေသတင်းဌာနကို ပြောကြားထားသည်ကို တွေ့ရသည်။

Most Read

Most Recent