မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းအား ပြုပြင်ရန်အတွက် သုံးရက် ခေတ္တပိတ်ထားမည်

မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းအား ပြုပြင်ရန်အတွက် သုံးရက် ခေတ္တပိတ်ထားမည်
Published 17 July 2024

မြဝတီ ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်းပိုင်း ပြုပြင်ရန်အတွက် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်ထိ မော်တော်ယာဉ်များ သွားလာခြင်းအား သုံးရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းခြင်းကြောင့် မြေသားပြိုကျခြင်းနှင့် ရွံ့နွံများရှင်းလင်းဆောင်ရွက်မည့် သုံးရက်တာကာလအတွင်း  မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်းပိုင်းမှ ယာဉ်ကြီး၊ ယာဉ်ငယ် မည်သည်ယာဉ်မှ သွားလာခွင့်ပြုမည်မဟုတ်ကြောင်း မော်တော်ယာဉ်မောင်းသူများ သိရှိစေရန် ကြေညာထားသည်။

မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ် ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေးယာဉ်များမှာ မြဝတီ-ကျော်ခို့-ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေ ကြက်ဦးတောင်လမ်းတို့မှ သွားလာခဲ့ကြသော်လည်း မိုးရာသီ၌ သွားလာရေးခက်ခဲလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့မှ ယာဉ်မောင်းတစ်ဦးက “ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတွေက တောင်ပေါ် မြေသားလမ်းတွေဆိုတော့ မိုးရွာတာနဲ့ ကားလေးတွေသွားမရတော့ဘူး။ ခု 4wheel ကားတွေ၊ အမြင့်ကားတွေ တောင်သွားရခက်ခဲနေတာ၊ သုံးရက်ပိတ်ပြီးပြင်မယ်ဆိုတော့ကောင်းတာပေါ့။ ဒါပေမဲ့ သုံးရက်လောက်နဲ့တော့ မလုံလောက်ဘူးထင်ပါတယ်။ ကျွန်တော်က ကားလေးမောင်းတာဆိုတော့ ကော့ကရိတ်မြို့ထဲက သွားမရတည်းက နားထားတာ၊ မနေ့က မြို့ထဲလမ်းကလာတဲ့ ကားလေးတွေကို နောက်နေ့ပေးမလာတော့ ဘူးလို့ပြောတယ်၊ လမ်းဟောင်းသွားချင်းရင် အောက်ဗိုလ်တဲ-ထီဖိုးစံ လမ်းကဘဲပေးသွားမယ်ပြောတယ်။ ထီးဖိုးစံလမ်းက ရွာလမ်းဆိုတော့ အရမ်းဆိုးပါတယ်၊ သွားဖို့မလွယ်ပါဘူး။ နှစ်ဦးနှစ်ဖက်ညှိပြီးတော့ ကောင်းတဲ့ လမ်းက ပေးသွားစေချင်ပါတယ်၊ ဒါမှ နယ်စပ်ကုန်စည်ပို့ဆောင်ရေးကားတွေ၊ ခရီးသွားပြည်သူတွေအဆင်ပြေမှာပါ” ဟု ပြောကြားသည်။

မြဝတီ-ရန်ကုန် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများမှာ 4 wheel ပါသော Vego ကားများဖြင့် အဆိုပါလမ်းများမှ ခရီးသည်များပို့ဆောင်ကြပြီး မိုးရွာသွန်းခြင်းကြောင့် မြေသားလမ်းပျက်စီးမှုကို ယာဉ်အသွားအလာပိတ်ပြီး ပြုပြင်မည်ဟု ဆိုသည်။

Most Read

Most Recent