ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံထားရသည့်အတွက် နှစ်ဖက်မော်တော်ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေ

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံထားရသည့်အတွက် နှစ်ဖက်မော်တော်ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေ
Published 17 July 2024

သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကရင်လေးဆိပ်ကျေးရွာ ဗိုလ်ခမ်းကွင်းအရှေ့ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတားမှာ ဇူလိုင် ၁၆ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံထားရသည့်အတွက် ရန်ကုန် - မော်လမြိုင် ကားလမ်းနှစ်ဖက်မော်တော်ယာဉ် အစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း ခရီးသွားပြည်သူများနှင့် ကားသမားများထံမှ သိရသည်။

ရန်ကုန်ဘက်မှ သထုံမြို့ဘက်သို့ ဆင်းလာကြမည့် မော်တော်ယာဉ်များအား ဘီးလင်းမြို့ တိုးဂိတ်ဟောင်းတွင် ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ရန်ကုန်ဘက်မှ လာသည့် ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘီးလင်းကနေ သထုံမြို့ဘက်အထွက် တိုးဂိတ်အဟောင်းဂိတ်မှာ ကားလမ်းပိတ်ထားတယ်။ ရန်ကုန်ဘက်က ဆင်းလာတဲ့ကားတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ ဘယ်လိုပေးသွားမလဲတော့ မသိသေးဘူး” ဟု ပြောကြားသည်။

အလားတူ သထုံဘက်မှ ဘီးလင်းဘက်သို့ သွားရောက်မည့် မော်တော်ယာဉ်များမှာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် ပိတ်မိနေကြကြောင်း ကားသမားများ၏ ပြောကြားချက်များအရ သိရသည်။

“ကျိုက္ကော် (သုဝဏ္ဏဝတီမြို့) ကနေ ဘီးလင်းဘက်အထွက် မိုးကောင်းရွာလောက်ကနေစပြီး ကားတွေပိတ်နေတယ်။ မနက်အစောပိုင်း ကားလေးတွေ ကရင်လေးဆိပ် - ဇရပ်ကျွန်း ကျေးရွာချင်းဆက်လမ်းကနေသွားလာနေကြတာမျိုးရှိတယ်။ ရွာလမ်းဆိုတော့ မြေသားလမ်းဘဲရှိတယ်။ မိုးရွာထားလို့ ဗွက်တော့ထနေတယ်။ ကားကြီးတွေတော့ သွားလားလို့မရဘူး။ တချို့ကလည်း ကျိုက္ကော်ကတဆင့် ခရိုင်ချင်းဆက်လမ်းဘက်ကနေ ဘီးလင်းဘက်ကိုသွားနေကြတယ်” ဟု ကားတစ်ဦးက ပြောကြားသည်။

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကရင်လေးဆိပ်တံတားအား သထုံခရိုင်လမ်းဦးစီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့မှ အမြန်ဆုံးပြုပြင်ရန်စီစဉ်နေကြောင်းလည်း သထုံခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၄/၆) နှင့် (၁၃၄/၇) ကြားရှိ ကရင်လေးဆိပ်တံတားမှာ တံတားအရှည် ၁၀ ပေခန့်၊ တံတားအကျယ် ၅၄ ပေခန့်ရှိ တံတားငယ်တစ်စင်းဖြစ်ကြောင်း သိရသည်။

ယခင်က သထုံမြို့နယ်နှင့် ဘီးလင်းမြိုနယ်ကြားရှိ ကျုံအိတ်တံတားနှင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင်ကလေးကျေးရွာအထွက် ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ဒေသအခေါ် မစောတံတားတို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရစဉ်ကလည်း မော်တော်ယာဉ်များအနေဖြင့် ခရိုင်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများမှတဆင့် ခက်ခက်ခဲခဲသွားလာခဲ့ကြရကြောင်း သိရသည်။