ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံနေသည့် ချေးငွေလုပ်ငန်းမှ မြန်မာဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး

ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံနေသည့် ချေးငွေလုပ်ငန်းမှ မြန်မာဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး
Published 30 May 2024

ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံထားသည့် ချေးငွေလုပ်ငန်းမှ မြန်မာဝန်ထမ်းနှစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့သည်ဟု ကိုရီးယားသတင်းဌာနတစ်ခုဖြစ်သည့် Korea JoongAng Daily က ရေးသားထားသည်။

သေဆုံးခဲ့သည့် မြန်မာဝန်ထမ်းနှစ်ဦးမှာ မေ ၂၁ ရက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ရောက်ရှိအလုပ်လုပ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရခြင်းမဟုတ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

မည်သည့်နေရာတွင် တိုက်ခိုက်ပစ်ခံရခြင်းဖြစ်သည်နှင့် မြန်မာဝန်ထမ်းနှစ်ဦး၏ အသေးစိတ်အချက်အလက်များကိုမူ အဆိုပါသတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး DGB Microfinance Myanmar Co., Ltd က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ အုတ်ဖိုဌာနခွဲမှ ဝန်ထမ်းနှစ်ဦးဖြစ်ကြောင်း၊ သေဆုံးသူနှစ်ဦးမှာ အသက် ၃၀ အရွယ် ချေးငွေကြီးကြပ်ရေးမှူး ဦးပြည့်စုံလွင်စိုးနှင့် အသက် ၃၂ နှစ်အရွယ် ချေးငွေအရာရှိ ဦးဖြိုးဝေဇင်တို့ဖြစ်ကြောင်း၊ မေ ၂၁ ရက်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ဆုံးပါးခဲ့ခြင်းဖြစ်ကြောင်း၊ DGB Company နှင့်တကွ ဝန်ထမ်းများအားလုံးသည် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ယူကြုံးမရဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် ဝန်ထမ်းနှစ်ဦးအတွက် နာရေးစရိတ်ကို ကုမ္ပဏီဘက်က ချက်ချင်းထောက်ပံ့ခဲ့ပြီး ကျန်ရစ်သူမိသားစုကိုလည်း ဆက်လက်ထောက်ပံ့မည်ဖြစ်ကြောင်း Korea JoongAng Daily က ရေးသားထားသည်။

DGB Microfinance Myanmar မှာ တောင်ကိုရီးယားရှိဘဏ်တစ်ခုဖြစ်သည့် Daegu Bank ၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

DGB Microfinance Myanmar ကို မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရုံးခွဲပေါင်း သုံးဆယ်ခန့်ရှိကာ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များကို ချေးငွေကျပ်သိန်း ၁၀၀ အထိ ထုတ်ချေးပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Most Read

Most Recent