တိုက်ပွဲများကြောင့် တိမ်းရှောင်မည့် လားရှိုးဒေသခံများ၏ မော်တော်ယာဉ်များကို ထွက်ခွာခွင့်ပြု၊ မြို့ပြင်ရှိ ၅၀၇ တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ပြီး တိုက်ပွဲများ ငြိမ်သက်လျက်ရှိ

တိုက်ပွဲများကြောင့် တိမ်းရှောင်မည့် လားရှိုးဒေသခံများ၏ မော်တော်ယာဉ်များကို ထွက်ခွာခွင့်ပြု၊ မြို့ပြင်ရှိ ၅၀၇ တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ပြီး တိုက်ပွဲများ ငြိမ်သက်လျက်ရှိ
လားရှိုးမြို့မှ ထွက်ခွာနေသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို ဇူလိုင် ၈ ရက် နံနက်က တွေ့ရစဉ်
လားရှိုးမြို့မှ ထွက်ခွာနေသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို ဇူလိုင် ၈ ရက် နံနက်က တွေ့ရစဉ်
Published 8 July 2024

တိုက်ပွဲများကြောင့် တိမ်းရှောင်မည့် လားရှိုးဒေသခံများ၏ မော်တော်ယာဉ်များကို ထွက်ခွာခွင့်ပြုခဲ့ပြီး မြို့ပြင်ရှိ ၅၀၇ တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ကာ တိုက်ပွဲများ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့အနီးတွင် တိုက်ပွဲများ အနည်းငယ် ငြိမ်သက်နေသဖြင့် မြို့မှထွက်ခွာမည့် မော်တော်ယာဉ်များ ထွက်ခွာခွင့်ရကြောင်း လားရှိုးမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

“မနက်ကတော့ အကြီးနှစ်လုံး သုံးလုံး အသံကြားလိုက်ရတယ်။ အခုတော့ အသံတွေ တော်တော်ငြိမ်သွားတော့ စစ်ရှောင်တွေ မြို့က ထွက်ခွင့်ရပြီ”ဟု လားရှိုးမြို့ခံတစ်ဦးက ဇူလိုင် ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြား သည်။

လားရှိုးမြို့ ခမရ ၅၀၇ တပ်ရင်အနီးရှိ ရပ်ကွက် ၄၊ ၅၊ ၇၊ ၁၀ တွင် နေထိုင်သူများ စစ်ဘေးရှောင်လာကြခြင်း ဖြစ်ပြီး ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အတက်လမ်းနှင့် အဆင်းလမ်းများတွင် မော်တော်ယာဉ်များ ပိတ်နေခဲ့သည်ဟု သိရသည်။

“၅၀၇ နဲ့ ကပ်နေတဲ့ ရပ်ကွက်တွေပေါ့။ မပြောင်းလို့လည်း မရဘူး။ မနေ့ကဆိုရင် အဲ့ဒီဘက်အခြမ်းတွေမှာ တော်တော်လေး ဖြစ်ကြတယ်။ ဒီနေ့ လိုင်းပေါ်တက်နေတာက အတက်လမ်းတွေရော အဆင်းလမ်းတွေမှာ ပိတ်နေတဲ့ ကားတွေ။ အခုတော့ ထွက်လို့ရကြတယ်။ ကျွန်တော်တို့ ပို့ပေးလိုက်တဲ့ကားတွေ တောင် လေးငါးခြောက်စီးဆို နောင်မွန်ကို ကျော်သွားကြပြီ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်တန်းမှာ မြို့လယ်မှမယ်ဟန်ဂိတ်အထိ ရှိနေပြီး ရာနှင့်ချီတန်းစီပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံအချို့၏ ပြောကြားချက်များအရ သိရသည်။

“အခုခန့်မှန်းရသလောက်မြို့နေ လူထုရဲ့ သုံးပုံမှာ တစ်ပုံလောက်ကတော့ ရွှေ့နေကြတယ်။ အကုန်လုံးတော့ မဟုတ်သေးဘူး”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၈ ရက် နံနက်တွင် တပ်ရင်း ၅၀၇ ကို တပ်မတော်က သံချပ်ကာယာဉ်များ၊ ခြေလျင်တပ်ရင်းများနှင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ကာ အလံလွှင့်ထူနေသည်ကို ရုပ်သံများနှင့်တကွ ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

“ညပိုင်းတုန်းကတော့ တပ်က ဆုတ်ပေးလိုက်တယ်ကြားတယ်။ ဒီမနက်မှာတော့ ပြန်သိမ်းလိုက်တယ်လည်း ကြားတယ်”ဟု လားရှိုး မြို့ခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့ကို MNDAA တပ်ဖွဲ့ဝင်များက အများစုတိုက်ခိုက်နေပြီး TNLA ၊ PDF အဖွဲ့များလည်း ပါဝင်ကြောင်း၊ ထို့ပြင် Wa တပ်ဖွဲ့ဝင်များလည်း ယူနီဖောင်းပြောင်းကာ ဝင်ရောက်တိုက်ခိုက်မှုများရှိနေကြောင်း လူမှုကွန် ရက်အချို့တွင် ရုပ်သံဖိုင်များ တွေ့ရှိရသည်။

သို့သော် ၁၀၂၇ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိကြောင်း UWSA က ငြင်းဆိုထားခဲ့သည်။

လားရှိုးမြို့အနီးနေရာများ၊ ကျောက်မဲ၊ မိုးကုတ် အစရှိသည့် မြို့များတွင် ဇွန် ၂၅ ရက်မှ စတင်ကာ MNDAA၊ TNLA၊ PDF အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေးရမှုများ ရှိနေသော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA နှင့် TNLA တို့က သိမ်းပိုက်ထားသည့် လောက်ကိုင်၊ နမ့်ဆန်၊ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ မုံးကိုး အစရှိသည့်မြို့များတွင်မူ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက်ရှိသည်ကို တွေ့ ရသည်။

တပ်မတော်နှင့် MNDAA တို့အကြား ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာအချို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက်ခန့်ကမှ စတင်ပြီး အခြားဒေသများသို့ ပြောင်းရွှေ့လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော်ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြားအခြား မြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီထိရှိနေသည်။

 

Most Read

Most Recent