မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲတို့တွင် Online Appointment ရယူထားပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင် ဆောင်ရွက်နိုင်

မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲတို့တွင် Online Appointment ရယူထားပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင် ဆောင်ရွက်နိုင်
Published 21 August 2024

မြစ်ကြီးနားနှင့် လားရှိုးရုံးခွဲတို့တွင် Onlie Appointment ရယူထားပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးရုံးများတွင်ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

မြစ်ကြီးနားနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ဇူလိုင် ၂၂ ရက်ကစ၍ Online Appointment Date ရယူထားပြီး  နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများသည် သြဂုတ် ၁၃ ရက်ကစတင်၍  မန္တလေးရုံးတွင် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့ပြင် လားရှိုးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ဇူလိုင် ၅ ရက်ကစ၍  Online Appointment Date ရယူထားကာ နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် သြဂုတ် ၁၃ ရက်မှစတင်၍ ရန်ကုန်ရုံးနှင့် တောင်ကြီးရုံးတို့တွင် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် မေ ၂ ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပြီး ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent