နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သူ နှစ်ဦးအပြင် ဆက်စပ်သူ ၁၅ ဦးကို စစ်ဆေးမှုများ ဆောင်ရွက်နေ

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သူ နှစ်ဦးအပြင် ဆက်စပ်သူ ၁၅ ဦးကို စစ်ဆေးမှုများ ဆောင်ရွက်နေ
Published 21 July 2024

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ဇူလိုင် ၁၆ ရက်ကရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်နှင့် ဆက်စပ်သူ ၁၅ ဦးကိုလည်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါရှော့တိုက်ဒုံးပစ်ခတ်မှုသည် အေလာလေဆိပ်ကို ပစ်ခတ်ခြင်းဖြစ်ပြီး လေဆိပ်အတွင်း ထိခိုက်ပျက်စီးမှုရှိကာ သေဆုံး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟုဆိုကာ Exile Media များက ဇူလိုင် ၁၆ ရက်တွင် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍နစက၏ ဇူလိုင် ၂၁ ရက် ထုတ်ပြန်မှုအရ အေလာလေဆိပ်အား ရှော့တိုက်ဒုံး ထိမှန်ခြင်းမဟုတ်ဘဲ လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီးတွင် ရှော့တိုက်ဒုံးသုံးလုံး ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ပေါက်ကွဲသံများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ် ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီးတွင် ရှော့တိုက်ဒုံး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို တွေ့ရှိရပြီး လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း နစကက ထုတ်ပြန်သည်။

ယင်းအပြင် အဆိုပါဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ် အောင်စေတနာ ကျေးရွာအနီးတွင် ရှော့တိုက်ဒုံး ပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် လေးခုနှင့် ပစ်ခတ်ရန် အသင့်တပ်ဆင် ထားသည့် ဒုံးပစ်စင် သုံးခုတို့ကို တွေ့ရှိရသည့်အတွက် ပစ်ခတ်ခြင်းမရှိသေးသည့် ဒုံးသီးများကို စနစ်တကျ သက်မဲ့ပြုလုပ် နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်မှုတွင် ပါရှိသည်။

အဆိုပါ ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့သည့် ​နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ရှော့တိုက်ဒုံး ပစ်ခတ်ရာတွင် ပါဝင်သူ နှစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ) နောက်စေ့၊ သက်ခိုင်ထွန်း(ခ)ကိုသက် တို့ကို ကနဦး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၄င်းတို့အားစစ်ဆေးချက်များအရ ဖြစ်စဉ်နှင့် ဆက်စပ်သူ ၁၅ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent