စံချိန်တင် ဖမ်းဆီးခံရခြင်း၊ ထိုင်းရာဇဝတ်ဂိုဏ်းများ၏ အသုံးချခံရခြင်းကို ကြုံနေရသည့်  မြန်မာလုပ်သားများ

စံချိန်တင် ဖမ်းဆီးခံရခြင်း၊ ထိုင်းရာဇဝတ်ဂိုဏ်းများ၏ အသုံးချခံရခြင်းကို ကြုံနေရသည့်  မြန်မာလုပ်သားများ
Published 21 July 2024
ဇော်မင်းနိုင်

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအတွက် ရတက်မအေးရသည့် ကိစ္စတစ်ခုမှာ ယခုနှစ်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ယင်းဖြစ်ရပ်မှာ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ငွေစာရင်းများကို အသုံးပြုကာ ရာဇဝတ်မှုလုပ်ငန်းများတွင် အသုံးချခံနေရခြင်းဖြစ်သည်။

ယခုလပိုင်းတွင် ယင်းသို့ပြုလုပ်နေသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ဖော် ထုတ်လိုက်သည်။

ဇူလိုင် ၁၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖမ်းဆီးရမိမှု အခြေအနေများကို ထုတ်ပြန်ခဲ့ရာ ယင်းအကောင့်များတွင် လည်ပတ်နေသည့် ငွေကြေးမှာ ထိုင်းဘတ်ငွေ သန်း ၃၀၀၀ နီးပါးရှိသည် ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထား သည်။

ငွေစာရင်းများကို အွန်လိုင်းလိမ်လည်မှု နှင့် အခြားလိမ်လည်မှုများတွင် အသုံးပြုခဲ့ သည်ကို တွေ့ရှိရပြီး ဖမ်းဆီးမှုများကို အယုဒ္ဓယ၊ နသွန်ဘူရီနှင့် နသွန်ပထုံဒေသများတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ် ပြန်သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထား သည်။

ယင်းဖြစ်ရပ်တွင် ရွှေ့ပြောင်းလုပ်သား ၅၀ ကျော်မှာ ဘဏ်အကောင့်ပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ရန် လိမ်လည်လှည့်ဖြားခံခဲ့ရ သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း ထိုင်းနိုင်ငံ ရှိ မြန်မာသံရုံးက ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သတိပေးမှုများ ပြုလုပ်ခဲ့သည်။

အွန်လိုင်းလောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချသူများက ထိုင်းရောက် မြန်မာ လုပ်သားအချို့၏ ဘဏ်စာရင်းနှင့် ဘဏ်စာ အုပ်များကို ကြားခံအသုံးချနေသဖြင့် ဖမ်းဆီး ခံရခြင်း၊ ဖမ်းဝရမ်းထုတ်ခံရခြင်းများ ကြုံတွေ့ နေရကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သော MOU မြန်မာလုပ်သားများမှာ ထိုင်း နိုင်ငံသို့ ရောက်ရှိချိန်တွင် MOU  ကုမ္ပဏီများ က စီစဉ်ပေးသည့်ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပြီး ယင်းသို့ပြုလုပ်ချိန်တွင် ဘဏ် လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့် မြန်မာလုပ် သားအချို့က MOU ကုမ္ပဏီမှ ကိုယ်စားလှယ် အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါ ဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာ အုပ်ကို ကိုယ်စားလှယ်အချို့က ထိန်းသိမ်း ထားခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု သံရုံးက ထုတ်ပြန်သည်။

အဆိုပါ မြန်မာလုပ်သားအချို့၏ ဘဏ် စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များက အွန်လိုင်းမှတစ်ဆင့် လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလို သူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာ ရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေ ရယူပြီး ပေးအပ်ခဲ့ခြင်းများ ရှိခဲ့သည်ဟု မြန် မာသံရုံးက ထုတ်ပြန်သည်။

ယင်းသို့အသုံးချခံရသည့် ဘဏ်စာရင်း များတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စု ဆောင်းငွေများပြားခြင်း စသည့်မသင်္ကာဖြစ် ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာ ထိုင်းအာ ဏာပိုင်အဖွဲ့အစည်းများက ဘဏ်စာရင်းစာ အုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ် ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ် ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက် ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ ကြုံနေရသဖြင့် ဖြေရှင်းပေးလျက်ရှိသည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

“ ကိုယ်လည်း မသိဘဲနဲ့ ရဲစခန်းက ခေါ် လို့ လိုက်ရှင်းရတယ်။ ဟိုကိုရောက်တော့မှ ကိုယ့်နာမည်နဲ့အကောင့်ဖွင့်ထားပြီး ငွေကြေး လွှဲပြောင်းမှုတွေ လုပ်ထားတယ်။ ကိုယ်တိုင် တောင် အဲဒီလောက်ချမ်းသာမှန်း အဲဒီကျမှ သိတယ်။ အဲဒီတုန်းကတော့ ဘာလုပ်ရမှန်းကို မသိဘူးဖြစ်သွားတယ်။ ကိုယ်လည်းမသိဘဲနဲ့ ကိုယ့်နာမည်နဲ့ အကောင့်ဖွင့်ခံရပြီး ငွေတွေကို လွှဲထားတာ လက်ခံထားတာတွေ တွေ့ရတော့ အဲဒီအချိန်တုန်းက ဘယ်လိုလုပ်ရမှန်း၊ ဘာ ပြောရမှန်း မသိဖြစ်သွားတယ်” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ထိုင်းနိုင်ငံရောက်မြန်မာလုပ် သားတစ်ဦးက ပြောကြားသည်။

ယင်းသို့ ပိုင်ရှင်ကိုယ်တိုင်မသိဘဲ အ ကောင့်ဖွင့်ခံရသည့်ဖြစ်စဉ်မှာ မြန်မာလုပ်သား အချို့ကြုံတွေ့ခဲ့ရပြီး မိမိဘက်မှ သက်သေအ ပြည့်အစုံပြသနိုင်မှသာ အဆင်ပြေကြောင်း၊ သက်သေမပြသနိုင်ပါက အရေးယူခံရခြင်း များဖြစ်နိုင်သည်ဟု ထိုင်းရောက်မြန်မာလုပ် သားအချို့က သုံးသပ်ပြောကြားသည်။

ယင်းသို့ ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ချုပ် နှောင်ခြင်း တွေ့ကြုံပါက ဓာတ်ပုံ၊ နိုင်ငံကူး လက်မှတ်၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့ သည့်ဘဏ်အမည်နှင့် နယ်မြေ၊ ဘဏ်စာရင်း ဖွင့်ရာ၌ လိုက်ပါဆောင်ရွက်ခဲ့သူ၏ ဓာတ်ပုံ အစရှိသည်တို့ကို ယူဆောင်ကာ မြန်မာသံရုံး နှင့် အလုပ်သမားသံအရာရှိရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်သည်ဟု မြန်မာသံရုံး က ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာ ရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိ တစ်ဦးတည်း သို့မဟုတ် မိသားစုထံတွင် သိမ်း ဆည်းထားရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

          အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ မှာ ယခင်နှစ်များကထက် ပိုမိုများပြားလာပြီး အချို့မှာ တရားမဝင် သွားရောက်လုပ်ကိုင် လျက်ရှိသည်။

          ယင်းသို့ လိမ်လည်လှည့်ဖြားခံရပြီး ဘဏ် အကောင့်များဖွင့်ခံရသည့် မြန်မာလုပ်သား များရှိသကဲ့သို့ ဖမ်းဆီးခံရသည့်မြန်မာလုပ် သားများမှာလည်း စံချိန်တင်ဖမ်းဆီးခံရမှုများ ဖြစ်ပွားနေသည်ဟု ထိုင်းနိုင်ငံ သတင်းဌာန များနှင့် ထိုင်းရောက်မြန်မာလုပ်သားများက ပြောကြားသည်။

          ပြီးခဲ့သည့်လပိုင်းမှ စတင်ကာထိုင်းအစိုး ရက ထိုင်းနိုင်ငံရှိ တရားမဝင်လုပ်သားများကို ဖမ်းဆီးသည့် ရက် ၁၂၀ စီမံချက်အရ ဇွန် ၅ ရက်မှ ဇူလိုင် ၁၁ ရက်အထိ တရားမဝင်လုပ် သား တစ်သိန်းတစ်သောင်းကျော် ဖမ်းဆီးရမိ ခဲ့ရာ ယင်းတို့အနက် ရှစ်သောင်းကျော်မှာ မြန်မာလုပ်သားများဖြစ်သည်ဟု ထိုင်းနေးရှင်း သတင်းဌာနက ထိုင်းအလုပ်သမားဝန်ကြီး ဌာန၏ အချက်အလက်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။

          ဖမ်းဆီးရမိခဲ့သည့် မြန်မာလုပ်သားများ မှာ ဦးရေ ၈၀၉၁၃ ဖြစ်ပြီး အခြားနိုင်ငံမှလာ ရောက်လုပ်ကိုင်နေသည့် တရားမဝင်လုပ်သား များကို ဖမ်းဆီးရမိမှုထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်ကို တွေ့ရသည်။

          ဖမ်းဆီးရမိသည့် အခြားနိုင်ငံသားများ တွင် ကမ္ဘောဒီးယားနိုင်ငံသား ၁၆၀၀၀ ကျော်၊ လာအိုနိုင်ငံသား ၇၈၀၀ ကျော်၊ ဗီယက်နမ်နိုင် ငံသား ၁၀၄ ဦးနှင့် အခြားနိုင်ငံသား ၃၀၀၀ ကျော်ရှိကြောင်း၊ ဘန်ကောက်မြို့ ဟွေ့ကွမ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ စက်ရုံများ၊ ရတ်ချက် ဘူရီပြည်နယ်က အုန်းသီးစက်ရုံများနှင့် ဥဒုံထာနီ ပြည်နယ်ရှိ စားသောက်ဆိုင်များမှ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေကြသူ များဖြစ်သည်ဟု ထိုင်းအာဏာပိုင်များကို ကိုး ကားပြီး သတင်းတွင် ဖော်ပြထားသည်။

          ယခုနှစ်ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး ထိုင်းအာဏာပိုင်များမှာ မြန်မာရွှေ့ပြောင်း လုပ်သားများကို ပိုက်စိပ်တိုက်ဖမ်းဆီးမှုများ ရှိနေခြင်းဖြစ်သည်။

          “ ဒီနှစ်ပိုင်းမှာ စဖမ်းတာပဲ။ တောလမ်းက နေ လာတဲ့အလုပ်သမားတွေရော၊ တရားမဝင် လာတဲ့အလုပ်သမားတွေကို နယ်စပ်တွေမှာ ဖမ်းဆီးနေတာ တောက်လျှောက်ပဲ” ဟု ထိုင်း နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့်မြန်မာ လုပ်သားတစ်ဦးက ပြောကြားသည်။

          ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်လာ သည့် မြန်မာလုပ်သားများကို လက်ခံကြိုဆို နေမည်ဖြစ်သော်လည်း တရားမဝင်ဝင် ရောက် လာသူများကို ဖမ်းဆီးအရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာ ထားဝီဆင်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

          “သူတို့ဟာ နိုင်ငံကို တရားဝင်ဝင်ရောက် လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာ မယ်ဆိုရင်တော့ သူတို့ကို တရားဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန် တော်ဟာ လုံခြုံရေးဌာနတွေနဲ့ လည်းဆွေးနွေး ခဲ့ပါတယ်”ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြော ကြားခဲ့သည်။

          မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင် ငံသားများထံ အလုပ်အကိုင်များကို ရယူသွား လိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီး ချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံ သားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်းကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။

          မြန်မာနိုင်ငံ၏ စစ်မှုထမ်းစေခြင်းက ထိုင်းနှင့်မြန်မာ နိုင်ငံနားလည်မှုစာချွန်လွှာအ ရ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော အလုပ် သမားများကို ကာမိစေမည်ဖြစ်ပြီး ယင်းက စီးပွားရေးလုပ်ငန်းအချို့ကို ထိခိုက်စေသည့် လုပ်သားပြတ်လပ်မှုများကို ဦးတည်စေလိမ့် မည်ဟု သမ်မာဆက်တက္ကသိုလ်ရှိ ပရီဒီဘာ နိုမြောင်အင်စတီကျု၏အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အနူဆွန်းတာမာဂျိုင်က ပြောကြားခဲ့ သည်။

          စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းခြင်း၏ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံသားများ ဝင်ရောက်မှု မြင့်တက်လာခြင်း နှင့် တရားမဝင် အလုပ်လုပ်ခြင်းတို့ မြင့်တက် လာခြင်းကို မြင်ရလိမ့်မည်ဟု ၎င်းင်းကဖြည့် စွက်ပြောကြားခဲ့သည်။

          ထိုင်းဝန်ကြီးချုပ်၏ ပြောကြားမှုအပြီး တွင် ထိုင်းအာဏာပိုင်များဘက်မှ တရားမဝင် မြန်မာလုပ်သားများကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုများ ရှိလာပြီး တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကိုလည်း ဆက်တိုက်ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။

          “ထိုင်းဘက်ကတော့ ပိုက်စိပ်တိုက် စစ် ဆေးနေတာတွေရှိနေတော့ သွားချင်တဲ့ မြန်မာနိုင်ငံသားတွေတော့ တော်တော်အခက် တွေ့ နေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြော ကြားသည်။

          ယင်းကြောင့် မြန်မာလုပ်သားများမှာ ထိုင်းအာဏာပိုင်များ၏ မျက်စိဒေါက်ထောက် ကြည့်ရှုခံရခြင်းကို ခံစားရသကဲ့သို့ အခြားတစ် ဖက်တွင်လည်း ရာဇဝတ်မှုကျူးလွန်သူများက ဘဏ်အကောင့်များကို လိမ်လည်လှည့်ဖြား ကာ အသုံးချခံရခြင်းများကို ကြုံတွေ့နေရ သည်။ အဆိုပါအခြေအနေများကို သက်ဆိုင် ရာအစိုးရများက မည်သို့မည်ပုံ ကိုင်တွယ်ဖြေ ရှင်းကြမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ် ပေသည်။

Most Read

Most Recent