တချို့က သေနတ်သံ၊ ဒရော့ဗုံးသံ၊ ရှော့ တိုက်ဒုံးသံတွေ စကြားကတည်းက ဒီမြို့လေး ကနေ ထွက်လာခဲ့ကြတယ်။ သေနတ်သံတွေ စကြားကြားချင်းမှာ ငွေကြေးတတ်နိုင်သူတွေ၊ တစ်နယ်တစ်ကျေးမှာ နေစရာခိုနားစရာရှိသူ တွေက ဒီမြို့လေးကို လွယ်လွယ်ကူကူစွန့်ပြီး တိုက်ပွဲကြိုရှောင်ကြတယ်။
ဇူလိုင်လ ပထမပတ်ကတည်းက စတင် ခဲ့တဲ့ လားရှိုးမြို့ဝန်းကျင် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အခက်အခဲပေါင်းစုံနဲ့ စစ်ဘေးရှောင်နေကြရသလို တချို့တချို့တွေ ကတော့ စစ်ဘေးရှောင်ဖို့အတွက် မဖြစ်နိုင်တဲ့ အနေအထားနဲ့ လာမယ့်ဘေးပြေးတွေ့ရင်း ကံစီမံရာ ဇာတ်ခင်းနေကြသူတွေလည်း ဒုနဲ့ ဒေးပါပဲ။
စစ်ဘေးရှောင်ကြဖို့ဆိုတဲ့အရာမှာ ကိုယ့် အိုးကိုယ့်အိမ်ကို စွန့်ခွာထားခဲ့ပြီး တစ်နယ် တစ်ကျေးမှာ သွားရောက်နေထိုင်ကြရတာဖြစ် တဲ့အတွက် ကိုယ့်အိမ်ရာလေး ကိုယ့်အိမ်လေး လိုတော့ အရာရာနေသားကျလှမယ်လို့မထင် မိဘူး။ ကိုယ်နဲ့စိမ်းနေသေးတဲ့ နေရာတစ်နေ ရာမှာ ယာယီသွားရောက်ခိုလှုံတာပဲဖြစ်ဖြစ်၊ တစ်သက်တာ အခြေချဖို့ရောက်သွားတာပဲ ဖြစ်ဖြစ် ဘယ်အရာမှကိုယ့်အိမ်လောက်တော့ နေသားကျမှာ မဟုတ်ဘူးလေ။
ဇူလိုင် ၂ ရက် ည ၁၁ နာရီလောက်က တည်းက လားရှိုးမှာ လက်နက်ကြီးပစ်ခတ်သံ တွေစတင်ခဲ့တယ်လို့ဆိုနိုင်ပြီး အဲဒီနောက်ပိုင်း ရက်တွေမှာတော့ လားရှိုးမြို့ကိုစွန့်ခွာသူတွေ တစ်စထက်တစ်စ များလာတော့တာပါပဲ။
ကိုယ်ပိုင်ကားရှိသူတွေအနေနဲ့ ကိုယ်ပိုင် ဆိုင်တဲ့ပစ္စည်းတွေကို တတ်နိုင်သလောက်သယ်ယူလာနိုင်တယ်ဆိုပေမဲ့ တချို့ဆိုင်ကယ် တောင် မရှိသူတွေအတွက်ကတော့ စစ်ဘေး ရှောင်ခရီးကို လမ်းလျှောက်ပြီး စွန့်ခွာခဲ့ကြ ရတာ မျက်မြင်ကိုယ်တွေ့ပါ။
စစ်ဘေးရှောင်သူတွေအတွက် ဒီမြို့ကို စွန့်ခွာဖို့ အဓိက တွန်းအားပေးတဲ့အကြောင်း တရား တစ်ချက်ရှိပါတယ်။ ဒါက မြို့ပတ်ဝန်း ကျင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လည်းမဟုတ်ဘူး။ လက်နက်ကြီးပစ်ခတ်သံ တွေကြောင့်လည်း မဟုတ်ဘူး။ မြို့ပြင်ကနေ လားရာမသိ ပစ်ခတ်နေတဲ့ ရှော့တိုက်ဒုံးပစ် ခတ်မှုတွေရဲ့ အန္တရာယ်ကိုကြောက်လို့ဖြစ် တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ အ များစုက ဒီမြို့ကိုစွန့်ခွာခဲ့ကြတာ ရှော့တိုက်ဒုံး ရန်ကြောက်လို့ စွန့်ခွာခဲ့ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။
တချို့တွေကလည်း လောက်ကိုင်၊ ချင်း ရွှေဟော်၊ ကွမ်းလုံတိုက်ပွဲဖြစ်စဉ်တွေကို နမူ နာယူပြီး ကြိုရှောင်ပြေးကြတာလည်း ပါတာ ပေါ့။ အဲဒီမြို့တွေမှာ တိုက်ပွဲတွေဖြစ်တုန်းက ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်လု ထွက်ပြေးခဲ့ရသူတွေ ဒုနဲ့ဒေးမဟုတ်လား။ တချို့ဆိုင်ကယ်နဲ့ ထွက်ပြေးလာတယ်။ ဓာတ် ဆီကုန်တဲ့နေရာမှာ ဆိုင်ကယ်ထားခဲ့ရပြီး ထွက်ပြေးခဲ့ရတယ်။ ကားနဲ့ထွက်ပြေးလာနိုင် သူတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ဓာတ်ဆီကုန်တဲ့နေရာမှာတင် ကားကိုထားခဲ့ ရပြီး ကျည်လွတ်ရာကိုထွက်ပြေးခဲ့ကြရတာ မဟုတ်လား။
လားရှိုးတိုက်ပွဲမှာတော့ ဒေသခံတချို့က လက်နက်ကြီးပစ်ခတ်သံတွေ မခံနိုင်လို့လည်း ပြေးကြတယ်။ နှလုံးရောဂါအခံရှိသူတွေ၊ ကျန်းမာရေး မကောင်းသူတွေအတွက်က တော့ လက်နက်ကြီးပစ်ခတ်သံတွေ မြို့ပတ် လည်မှာ ခပ်စိပ်စိပ်ကြားနေရတာကတော့ အဆင်မပြေတဲ့ ဝန်းကျင်တစ်ခုလို ဖြစ်နေပါ တယ်။ လက်နက်ကြီးသံတွေကြားတိုင်း ကျန်း မာရေးမကောင်းသူတွေအတွက် ရေရှည်နေ နိုင်ဖို့မဖြစ်တော့တဲ့ အနေအထားမို့ ဒီမြို့နဲ့ ဝေးရာကို အမြန်ဆုံးစွန့်ခွာခဲ့ကြရပြီ။
“ကိုယ့်အိုးကိုယ့်အိမ်နဲ့ ကိုယ့်နေရပ်ဖြစ် တဲ့ ဒီမြို့ကိုစွန့်ခွာဖို့အတွက် ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ဘယ်ချလို့ရပါ့မလဲ။ ကိုယ့်အ သက်ထက်ဘယ်အရာမှ အရေးကြီးတဲ့အရာ မရှိဘူးလေ။ ဒါပေမဲ့လည်း ကိုယ့်မြို့ကို စွန့်ခွာ ပြီးတခြားနေရပ်မှာ သွားနေကြရတော့မယ်ဆို တဲ့အတွေးကလည်း အင်မတန်မှကို ချောက် ချားစေတယ်။ သွေးပျက်စေတယ်။ အမှီအခိုနဲ့ နေကြရတဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါးနဲ့အ တူ သူစိမ်းတစ်ရံဆံတဲ့နယ်မြေမှာ ဘယ်အ ချိန်ကာလအထိ ရေရှည်တောင့်ခံပြီး နေကြရ မှာလဲ။ ဘာနဲ့သွားပြီး ရပ်တည်ကြမလဲ။ ငယ် စဉ်ကတည်းက အခြေချ အသက်မွေးဝမ်း ကျောင်းပြုခဲ့တဲ့ ကိုယ့်ဇာတိမြို့လေးမှာ အခြေ တကျနေထိုင်ပြီး ကြုံသလိုရှာဖွေစားသောက် နေထိုင်နိုင်ပေမဲ့ နယ်မြေသစ်မှာတော့ ဘဝ ရပ်တည်ဖို့က စွန့်စားဖို့သက်သက် ဖြစ်လာ သလိုပါပဲ။ စစ်ပွဲကြောင့် ဒုက္ခရောက်ကြရတဲ့ ပြည်သူတွေထဲမှာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာဘဲဆိုတဲ့ ဖြေတွေးတွေနဲ့ ဘဝကို ခပ်ယဲ့ယဲ့အားတင်းရင်း ဖြတ်လျှောက်ရတော့ မပေါ့” ဟု လားရှိုးမြို့ကနေ သက်ကြီးမိဘနှစ် ပါးနှင့်အတူ နေရပ်စွန့်ခွာလာသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲရှောင်သူတွေကလည်း ဒုက္ခ ကိုယ်စီ၊ တိုက်ပွဲမရှောင်နိုင်သူတွေကလည်း ဒုက္ခကိုယ်စီနဲ့ လျှောက်လှမ်းနေကြရတဲ့ ရှမ်း မြောက်စစ်ဘေးကြောင့် ဒေသခံပြည်သူ ထောင်သောင်းများစွာ ဒုက္ခရောက်ကြရပါ တယ်။ အခက်အခဲများစွာ ကြုံတွေ့ကြရပါ တယ်။ နေရပ်စွန့်ခွာ ပြောင်းလဲအခြေချနေ ထိုင်သူ များလာကြတယ်။
လက်နက်ကြီး ပစ်ခတ်သံကြား၊ ရှော့ တိုက်ဒုံးပစ်ခတ်မှုများကြား၊ သေနတ်သံများ ကြားမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ် မစွန့်ခွာနိုင်ဘဲ မိမိအိမ်မှာပဲကြိတ်မှိတ်နေထိုင် နေကြရသူများလည်း အများအပြားကျန်ရှိနေ ပါသေးတယ်။
မိမိအိမ်ပေါ် ဒရော့ဗုံး မကျလေသမျှ၊ မိမိအိမ်ပေါ် ရှော့တိုက်ဒုံး မကျရောက်သေးသ ရွေ့ ကံစီမံရာအတိုင်း ဆုတွေတောင်းရင်းနေ ထိုင်နေကြတဲ့သူတွေလည်း ရှိနေသေးတယ်။
သူတို့အတွက် ရေရှည်မှာစားသောက် ရေးက အဓိကရင်ဆိုင်ရမယ့် ပြဿနာတစ်ရပ် ဖြစ်လာတယ်။ လားရှိုးမြို့တွင်းကို ကုန်စည်ဝင် ရောက်မှုမရှိတော့သလို စက်သုံးဆီတွေ ရောင်းချမှုလည်း မရှိတော့ဘူး။ ဓာတ်ဆီရေ သန့်တစ်ဘူးကို သုံးသောင်းကျပ်ဝန်းကျင်နဲ့ ဝယ်နေကြရပြီး တိုက်ပွဲစတင်ဖြစ်ပွားမှု ကြာ မြင့်ချိန် ရက်ပေါင်းနှစ်ဆယ်ကျော်အတော အတွင်းမှာတော့ ဆန်နဲ့ဆီက ဝယ်ယူလို့ အဆင်ပြေနေသေးတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဆီကို လှူဒါန်းလာတဲ့အထဲ က အလှူငွေတွေနဲ့ စစ်ဘေးမရှောင်နိုင်ကြတဲ့ ဒေသခံတွေကို တတ်နိုင်သလောက် ဆန်၊ ဆီ နဲ့ စားသုံးကုန်ပစ္စည်းတွေကို လှူဒါန်းပေးနေ ပါတယ်။ အခုလက်ရှိအချိန်မှာ အင်တာနက် လိုင်းအခြေအနေအရ K pay ထုတ်ဖို့လည်း သိပ်အဆင်မပြေလှဘူး။ အင်တာနက်လိုင်းက ရဖို့အသာထား ဖုန်းလိုင်းတောင် သိပ်မမိချင် တော့ဘူး။ တချို့ K pay နဲ့ငွေလွှဲပြီး လှူဒါန်း လာတာတွေကို လိုင်းရတဲ့အချိန်ပစ္စည်းဝယ်ပြီး တတ်နိုင်သလောက် ပေးလှူနေရတာပါ။ ရေ ရှည်အတွက်တော့ သိပ်မလွယ်လှဘူး” ဟု လားရှိုးမြို့မှာနေထိုင်ပြီး နေရပ်စွန့်ခွာခြင်းမပြု နိုင်ကြသူရဲ့ အခက်အခဲကို တတ်စွမ်းသရွေ့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာ လားရှိုးမြို့ အောင်သစ္စာရပ်ကွက်ဘက်မှာ လက်နက်ကြီး ကျရောက်မှုတွေဖြစ်လို့ စစ်ဘေးရှောင်စခန်း တစ်နေရာကနေ နေအိမ်ပြန်ပြီး လိုအပ်တဲ့ ပစ္စည်းသွားရောက်ယူသူ ဒေသခံတစ်ဦး ကျည်စထိမှန်ကာ ဆေးရုံတက်ရောက်ကုသ နေရတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ စစ်ရှောင်စခန်းမှာ တိမ်း ရှောင်နေတာပါ။ အခုက စစ်ရှောင်စခန်းမှာက လည်း ကျွေးမွေးမယ့်သူမရှိတော့ အိမ်မှာရှိတဲ့ ဆန်၊ ဆီ၊ ဆားလေးနဲ့ လိုအပ်တဲ့အဝတ်အထည် လေးတွေကို လင်မယားနှစ်ယောက် အပြေး အလွှားသွားယူတာ။ အဲဒီအချိန် ပစ်ခတ်မှု တွေဖြစ်နေလို့ဆိုပြီး အိမ်ထဲကနေ ဘယ်မှမ ထွက်ရဲဘူး။ အတန်ကြာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေ ငြိမ်သွားတယ်။ ဒါနဲ့ တို့စစ် ရှောင်စခန်းကို အမြန်ပြန်ကြမယ်ဆိုပြီး ပြေး ထွက်လာတာ။ အဲဒီအချိန်ပဲ လက်နက်ကြီး တွေထပ်ကျပြီး ကျွန်မအမျိုးသား လက်နက် ကြီး ကျည်စတွေထိမှန်ပြီး ဆေးရုံတက်ကုသရ တယ်။ ဆေးရုံမှာလည်း ဆရာဝန်တွေကနည်း သွားပြီဆိုတော့ တစ်ရက်ပဲနေပြီး ဆင်းခဲ့ရ တယ်” လို့ လားရှိုးမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံ နေရသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ လားရှိုးမြို့နဲ့ အနီးဝန်း ကျင်အထိ ပစ်ခတ်မှုတွေရှိလာပြီး မြို့အနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ် ပွားနေသလို မြို့မစျေးကြီးအနီး ကုန်စိမ်းစျေး၊ လားရှိုးမြို့လယ်ကောင်မှာရှိတဲ့ အဆောက်အ အုံတော်တော်များများလည်း ရှော့တိုက်ဒုံးပစ် ချခြင်းခံခဲ့ရတာကြောင့် အပျက်အစီးများနေ တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မြို့တွင်းက ဂိုဒေါင်တော်တော်များများ လည်း ရှော့တိုက်ဒုံးထိမှန်ပြီး ပျက်စီးဆုံးရှုံးမှု တွေရှိနေသလို ဇူလိုင်လ တတိယပတ်အထိ ရှော့တိုက်ဒုံး ထိမှန်မှုကြောင့် သေဆုံးသူ ၃၅ ဦးဝန်းကျင်အထိရှိနေပြီလို့ ဒေသခံပရဟိတ ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းမှာ လား ရှိုး- မန္တလေးလမ်း လားရှိုးမြို့အဝင်ဘက်လမ်း နားမခေါ်၊ ဟူးမွန်ဆည်သွားလမ်းနဲ့ နတ်ရေ ကန်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဖြစ်စဉ်ဟာ မြို့တွင်းကို ရောက်နေပြီလို့ တောင် ဆိုရမလို ဖြစ်လာပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေက မြို့နဲ့နီးကပ်လာ လေလေ မြို့တွင်းမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခိုလှုံ နေကြရတဲ့ ဒေသခံတွေအတွက် နေ့စဉ်နေ ထိုင်စားသောက်မှုက အဓိက စိန်ခေါ်မှုတစ် ရပ်ဖြစ်လာပါတယ်။
“ကျွန်မတို့ ဒီနေ့အလှူရှင်တွေက ဆန်၊ ဆီနဲ့ စားစရာတွေပေးဝေနေလို့ သွားယူနေ တုန်း လက်နက်ကြီးပစ်ခတ်သံတွေ နီးလာလို့ လှူတဲ့သူကလည်း မြန်မြန်လှူ၊ ယူတဲ့သူက လည်း မြန်မြန်ယူပြီး ထွက်ပြေးလာခဲ့ကြရ တယ်။ ခရီးသည်တင်ကားကွင်းအပေါ်ဘက် ချယ်ရီမြိုင်အပေါ်ဘက် ရွှေတောင်ကြားမှာ ပစ်ခတ်သံတွေကြားတယ်။ လေကြောင်းပစ် ကူပေးနေတာတွေလည်း တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ဇူလိုင် ၁၉ ရက်နေ့က ပြော ပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှု၊ အင်တာနက် လိုင်းပြတ်တောက်မှု၊ စက်သုံးဆီစျေးကြီးမြင့်မှု၊ ဖုန်းလိုင်းကောင်းမွန်ခြင်းမရှိမှုတွေနဲ့ လားရှိုး မြို့မှာ နေထိုင်သူများနဲ့ အဆက်အသွယ်ရရှိမှု က အရင်လို အဆင်ပြေခြင်းမရှိတော့တာကို ကြုံတွေ့နေရပါတယ်။
“ဒေသခံတချို့ကတော့ လားရှိုးမြို့နဲ့ဝေး ရင်ပြီးရောဆိုတဲ့စိတ်နဲ့ နမ့်လန်၊ မိုင်းရယ်၊ တန့်ယန်း စသဖြင့် အနီးဆုံးမြို့လေးတွေမှာ ခေတ္တသွားရောက်ခိုလှုံကြတာပေါ့။ သူတို့အ တွက် ယာယီခိုလှုံလို့ရရင်ပြီးရောဆိုတဲ့ အနေ အထားနဲ့တိုက်ပွဲတွေပြီးရင် ပြန်မယ်ဆိုတဲ့စိတ် နဲ့ ယာယီသွားရောက်ခိုလှုံကြတာ များတယ်။ တချို့ကတော့ တိုက်ပွဲမဖြစ်တဲ့ မြို့တွေမှာရှိတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခေတ္တ နားခိုကြတယ်။ တချို့တွေကလည်း လားရှိုးမြို့ နဲ့အနီးဆုံးရွာတွေမှာ သွားနေကြတယ်” ဟု တိုက်ပွဲရှောင်သူတစ်ဦးက ပြောပါတယ်။
မနေ့က လူမှုကွန်ရက်စာမျက်နှာမှာ တိုက်ပွဲရှောင်မိသားစုသုံးဦး ဆိုင်ကယ်တစ်စီး နဲ့ နမ့်လန်ဘက်ကိုရှောင်လာတုန်း တွဲကား တစ်စီးနဲ့တိုက်မိလို့ ဖခင်ဖြစ်သူ ပွဲချင်းပြီး သေ ဆုံးပြီး မိခင်ကအသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတဲ့အကြောင်း သူရဲ့မိဘ ဆွေမျိုးတွေ ဒီဖြစ်စဉ်ကိုသိနိုင်ဖို့ အသိပေး ထားတာ ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ် ရပြန်တယ်။ တိုက်ပွဲဖြစ်လို့ ရှောင်ပြေးကာမှ ကျည်ဆန်မထိမှန်ဘဲ ယာဉ်မတော်တဆဖြစ် မှုနဲ့ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒါလည်း တိုက်ပွဲ ဖြစ်စဉ်တွေရဲ့ အကျိုးဆက်ပဲ မဟုတ်လား။
တိုက်ပွဲရှောင်သူတွေက ရှောင်ကြပြီး အိုးပစ်အိမ်ပစ် ထားခဲ့ကြရပေမဲ့လည်း ချန် ထားခဲ့ရတဲ့ အိုး၊ အိမ်၊ ပစ္စည်းတွေအတွက်က လည်း ရတက်မအေးဖြစ်နေရပြန်တယ်။ တိုက် ပွဲတွေစဖြစ်တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းက စပြီး ပစ္စည်းခိုးမယ့်သူတွေက လမ်းပေါ်ရောက် နေပြီတဲ့။
လက်နက်ကြီး ပစ်ခတ်သံတွေကြားမှာ သူတို့အတွက် ကျည်မကြောက်၊ ဗုံးမကြောက် နေ့ခင်းကြောင်တောင် ဆိုင်ဖောက်ပြီး ခိုးယူ နေသူတွေက ဒုနဲ့ဒေးတဲ့။ သူခိုးပစ္စည်း လက်ခံ ပြီး သူခိုးစျေးဝယ်နေသူတွေကလည်း လမ်းဆုံ မှာ ကားနဲ့စောင့်ပြီးတော့ကို ခိုးရာပါပစ္စည်း တွေ ဝယ်နေကြတယ်လို့ သိရပါတယ်။
စစ်ဘေးမရှောင်နိုင်သူတွေအတွက် လည်း ဒီသူခိုးတွေရဲ့ရန်ကိုလည်း ကြောက်နေ ရတာပါပဲ။ လက်ရှိအချိန် နယ်မြေဒေသလုံခြုံ ရေးအတွက် စိုးမိုးမှုမရှိတဲ့အချိန်မှာ တစ်ခုခု ဖြစ်ရင် ကိုယ့်အိမ်ကို အနုကြမ်းများလာစီးခဲ့ရင် ကိုယ်က ဘယ်ကိုအရေးပေါ်ဖုန်းဆက်တိုင် လို့ တိုင်ရမှန်းတောင် မသိနိုင်တဲ့အခြေအနေ ပါ။ တိုက်ပွဲဖြစ်စဉ်တွေအတွင်း အရင်က မကြုံ ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ ထင်မှတ်မထားတဲ့ ဆုံးရှုံးမှုတွေရခဲ့တာ ဘဝရဲ့သင်ခန်းစာတွေ ပါ။ ကျွန်တော်တို့ ရှေ့ဆက်ရမယ့်ဘဝရဲ့ နေ့ ရက်တွေအတွက် ဘယ်လိုအဖြေရှာ ရင်ဆိုင် ဖြေရှင်းရမလဲ။ ဘယ်လိုဖြတ်သန်းကျော်လွှား ရမလဲဆိုတာကို တွေးရင်း…။