လိုတိုရှင်းစီးပွားရေးသုတ (၉၁ - ၉၅ )

လိုတိုရှင်းစီးပွားရေးသုတ (၉၁ - ၉၅ )
Published 2 June 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၉၁)

ငွေဖြစ်လွယ်မှု (Liquidity)

          ငွေဖြစ်လွယ်မှုဆိုသည်မှာ ငွေသားဖော်နိုင်မှုဖြစ်သည်။ တန်ဖိုးဆုံးရှုံးမှု အနည်းဆုံးဖြင့် ရောင်းချနိုင်သည့်အရာ (အက်ဆက်) တစ်ခု၏ စွမ်းရည်လည်းဖြစ်သည်။ ဥစ္စာဓနအသွင်မျိုးမှ အခြားတစ်သွင်မျိုးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းသဘောဖြစ်သည်။ ဥပမာ ပစ္စည်းတစ်စုံတစ်ရာကို အလွယ်တကူရောင်းချ၍ ငွေကြေးအဖြစ်ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ အက်ဆက်တစ်ခုကို ရောင်းချရမှုလွယ်ကူလေ ပိုမိုငွေဖြစ်လွယ်လေဖြစ်သည်။ ငွေကြေးသည် ငွေဖြစ်လွယ်မှုအလွယ်ကူဆုံးအရာ ဖြစ်သည်။

          စီးပွားရေးလုပ်ငန်းများတွင် ငွေဖြစ်လွယ်မှုဆိုသည်မှာ ကုမ္ပဏီတစ်ခုသည်၎င်း၏စာရင်းရှင်အပ်ငွေစာရင်းကို ထိန်းသိမ်းထားနိုင်ပြီး အကြွေးများကို အချိန်မှန်ပေးဆပ်နိုင်သည့်စွမ်းရည်ဖြစ်သည်။ ကုမ္ပဏီတစ်ခုသည် စတော့ရှယ်ယာနှင့် အရင်းအနှီးအက်ဆက်များတွင် များပြားစွာမြှုပ်နှံထားမည်ဆိုပါလျှင် ကြွေးမြီများကို ပြန်လည်ပေးဆပ်ရန်မလွယ်ကူပေ။ ထို့ကြောင့် ငွေသားဖော်ရန် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းများ (အက်ဆက်များ) ကို ရောင်းချရန်လိုလာသည်။ ဘဏ်များသည်လည်း ၎င်းတို့၏ငွေဖြစ်လွယ်မှုကို ထိန်းသိမ်းရန်  ဥပဒေအရတိကျသော ငွေကြေးပမာဏတစ်ခုကိုထားရှိသည်။ ထိုငွေပမာဏသည် အချိန်နှင့်အမျှအပြောင်းအလဲများရှိပြီး  မကြာခဏ အငြင်းပွားမှုများလည်းရှိသည်။

          အစိုးရတစ်ရပ်အနေဖြင့် စီးပွားရေးအဆောက်အအုံတစ်ခုထဲသို့ ငွေကြေးအမြောက်အမြား ထည့်သွင်းမှုများ၊ အတိုးနှုန်းနှိမ့်ချမှုများရှိနေသည့်တိုင် ရင်းနှီးမြှုပ်နှံမှုများကုန်ခန်းသွားပြီး “ငွေဖြစ်လွယ်မှု ထောင်ချောက်  ဖြစ်တတ်သည်။ ထိုအခြေအနေမျိုးကို ၁၉၃၀ ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံတွင်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်များတွင် ဂျပန်နိုင်ငံတွင်လည်းကောင်းဖြစ်ပွားခဲ့သည်။ 

ဝေါဟာရများ

ငွေဖြစ်လွယ်မှု/ ငွေသားဖော်နိုင်မှု=Liquidity  

ငွေသား=cash 

စာရင်းရှင်အပ်ငွေစာရင်း=current account

ငွေဖြစ်လွယ်မှုထောင်ချောက်=liquidity trap  

ငွေကြေးပမာဏအများအပြားထည့်သွင်းခြင်း=huge injection of cash       

 

လိုတိုရှင်း စီးပွားရေးသုတ (၉၂)

ဒေဝါလီခံရခြင်း (bankruptcy)

          ဒေဝါလီခံရခြင်းဆိုသည်မှာ လူမွဲစာရင်းသွင်းခံရခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက် ၎င်းတို့၏ပြန်လည်ပေး ဆပ်ရန်ရှိသည့် ကြွေးမြီများကို ပေးဆပ်နိုင်စွမ်းမရှိသည့်အခါ ဥပဒေအရ ထုတ်ပြန်ကြေညာလျက် ဒေဝါလီခံရနိုင်သည်။ ဗြိတိန်နိုင်ငံတွင် ထိုဝေါဟာရအသုံးအနှုန်းသည် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများထက် လူတစ်ဦးတစ်ယောက်ချင်း အခြေအနေကိုသာ ရည်ညွှန်းပြောဆိုရာ၌ အသုံးပြုသည်။

          လူတစ်ယောက်၊ ကုမ္ပဏီတစ်ခုကို ဒေဝါလီခံရသည်ဟု ကြေညာပြီးသည့်အခါ ၎င်းတို့ပိုင်ဆိုင်သည့်ပစ္စည်းများကို ထိန်းသိမ်း၊ ရောင်းချကာ ကြွေးမြီများပြန်ပေးနိုင်ရန်ဆောင်ရွက်ကြရသည်။ သက်ဆိုင်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတွင် ဥပဒေအရ တာဝန်မရှိတော့ပေ။ အမေရိကန်ပြည်ထောင်စု ဒေဝါလီခံခြင်း ဥပဒေအရ နည်းလမ်းများအောက်တွင် လူတစ်ယောက် သို့မဟုတ် ကုမ္ပဏီတစ်ခု ဒေဝါလီခံခြင်း ကြေညာနိုင်သည့် နည်းလမ်းခြောက်ခုရှိသည်။ ထိုဥပဒေ၏ အခန်း (၁၁) ကို ကော်ပိုရိတ် ဒေဝါလီခံခြင်းဟု သိထားကြသည်။ ထိုဥပဒေပြဌာန်းချက်အရ ကုမ္ပဏီသည် ၎င်း၏ကြွေးမြီကို ပြန်လည်ပေးဆပ်ရန် စီစဉ်ဆောင်ရွက်နေစဉ်မှာ ပင် ၎င်း၏လုပ်ငန်များကို ဆက်လက်ဆောင်ရွက်ခွင့်ပြုထားသည်။

          မူလက ထိုဥပဒေကိုကြွေးရှင် (မြီရှင်) များက ၎င်းတို့ချေးထားသောငွေကြေးများကို သတ်မှတ်ထားသည့်အချိန်တွင် ပြန်လည်ရရှိမှုသေချာစေရေးအထောက်အကူဖြစ်စေရန် ရေးဆွဲထားသော်လည်း ကြွေးယူထားသူများ (မြီစားများ) အခက်အခဲများမကြုံစေရေးနှင့် ဒုက္ခရောက်၊ ပျက်စီးမှုမဖြစ်စေရေး ကာကွယ်မှုများ အတွက် ပိုမိုအသုံးပြုလာကြသည်ဟုဆိုကြသည်။ သို့သော်ဒေဝါလီခံရခြင်းသည် လူမှုရေးအရ အမည်းစက်ဖြစ်လာစေပြီး လူတစ်ဦးတစ်ယောက်ချင်းအပေါ် လုပ်ငန်း လုပ်ဆောင်မှု၊ လှုပ်ရှားမှုများ (ဥပမာ အများပြည်သူနှင့် သက်ဆိုင်သော ရုံးလုပ်ငန်းများကဲ့သို့လုပ်ငန်းများတွင် တာဝန်များထမ်းဆောင်မှုများ) ကို ဟန့်တားမှုများဖြစ်လာနိုင်သည်ဟု ဆိုသူများလည်းရှိသည်။

 

ဝေါဟာရများ

ဒေဝါလီခံရခြင်း=bankruptcy

ကော်ပိုရိတ် ဒေဝါလီခံခြင်း=corporate bankruptcy 

မြီရှင် (ကြွေးပေးသူ)=creditor  

မြီးစား (ကြွေးယူသူ)=debtor  

လူမှုရေးဆိုးရွားမှု အမှတ်အသား/အမည်းစက်=social stigma

 

လိုတိုရှင်း စီးပွားရေးသုတ (၉၃)

နိုင်ငံပိုင်ပြုလုပ်ခြင်း/ ပြည်သူ့ပိုင်ပြုလုပ်ခြင်း (Nationalization)

           အစိုးရတစ်ရပ်သည် ပုဂ္ဂလိကပိုင်လုပ်ငန်းတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခုကိုသိမ်းယူ၍ အများပြည်သူပိုင်အဖြစ် ပြောင်းလဲလိုက်ခြင်းကို နိုင်ငံပိုင်ပြုလုပ်ခြင်းဟုခေါ်သည်။ လုပ်ငန်းတစ်ခုသည် စီးပွားရေးကျဆင်း၍ ပြိုလဲမည့်အခြေအနေနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင် အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေးအတွက်ထိုကုမ္ပဏီ လုပ်ငန်းဆက်လက်လည်ပတ်ရန်မှာ အရေးကြီးသည်ဟုယူဆသောအခါ နိုင်ငံပိုင်ပြုလုပ်လေ့ရှိသည်။

          နိုင်ငံပိုင်ပြုလုပ်ခြင်းကို နိုင်ငံရေးအကြောင်းရင်းခံကြောင့်လည်း ပြုလုပ်တတ်ကြသည်။ ဆိုရှယ်လစ်ဝါဒ သြဇာကြီး၊ လူကြိုက်များခဲ့စဉ်အခါက ဆိုရှယ်လစ်ဝါဒီအများစုသည် နိုင်ငံတွင်းရှိ အရေးကြီးသောလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ အမြတ်အစွန်းအတွက် လုပ်နေကြခြင်းထက် အများပြည်သူအကျိုးစီးပွားအတွက်ပြုလုပ်သင့်သည်ဟု ယူဆကာ လုပ်ငန်းအများစုကို နိုင်ငံပိုင်ပြုလုပ်ရန် အားပေးခဲ့ကြသည်။ အစိုးရမှ လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုကို နိုင်ငံပိုင်ပြုလုပ်လိုက်သည့်အခါ ထိုလုပ်ငန်း သို့မဟုတ် ထိုကုမ္ပဏီ၏ပိုင်ရှင်ဖြစ်သူကို လျော်ကြေးငွေပေးလေ့ရှိသည်။ သို့သော် လျော်ကြေးငွေမပေးဘဲ သိမ်းယူသည့်အခြေအနေမျိုးလည်းဖြစ်နိုင်သည်။ ထိုအခြေအနေမျိုးကို အများပြည်သူအတွက် သိမ်းယူခြင်းဟုလည်း ခေါ်နိုင်သည်။

          ကျူးဘားနိုင်ငံတွင် ကတ် (စ်) ထရိုတော်လှန်ရေးပြီးသည့်နောက် အစိုးရသည် နိုင်ငံတွင်းရှိ နိုင်ငံခြားသားပိုင်ကုမ္ပဏီအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။ နိုင်ငံပိုင်သိမ်းခြင်းခံရသည့် ကုမ္ပဏီအချို့သာလျှင် လျော်ကြေးငွေရရှိခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ နိုင်ငံ့အာဏာရယူပြီးနောက်တွင် အစိုးရသည် ပုဂ္ဂလိပိုင်စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။ နိုင်ငံပိုင်ပြုလုပ်ခြင်း၏ အခြေခံကျသော ရည်မှန်းချက်မှာ ရေ၊ လျှပ်စစ်ဓာတ်အား၊ စာတိုက်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဲ့သို ့နိုင်ငံ၏စီးပွားရေးအခြေခံအဆောက်အအုံများ ပံ့ပိုးပေးနိုင်သည့်လုပ်ငန်းများ၊ အများပြည်သူနှင့်သက်ဆိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်သူပိုင်လုပ်ငန်းများဖြစ်လာစေရန်ဖြစ်သည်။

ဝေါဟာရများ

နိုင်ငံပိုင်ပြုလုပ်ခြင်း=nationalization

နိုင်ငံရေးအကြောင်းကိစ္စ=political reason

လျော်ကြေးငွေပေးခြင်း=compensation

နိုင်ငံခြားပိုင် ကုမ္ပဏီများ=foreign-owned companies

အခြေခံအဆောက်အအုံ=infrastructure

 

လိုတိုရှင်း စီးပွားရေးသုတ (၉၄)

ဘဏ္ဍာရေးကယ်တင်မှု အစီအစဉ် (Bailout  )

          ကုမ္ပဏီတစ်ခုသည် ငွေဖြစ်လွယ်မှု (ငွေသားပြန်လည်ဖော်နိုင်မှု) အားနည်းသဖြင့် ပေးရန်ရှိသည့်ငွေများကို ပေးချေနိုင်စွမ်းမရှိတော့သည့်အခါ ဒေဝါလီခံရခြင်း (ကြွေးမြီမဆပ်နိုင်ခြင်း) ဖြစ်ပေါ်လာတတ်သည်။ ထိုအခြေအနေမျိုးမဖြစ်စေရေး ကာကွယ်ပေးနိုင်ရန် ဘဏ္ဍငွေကြေးအကူအညီများပေးခြင်းကို ဘဏ္ဍာရေး ကယ်တင်မှုအစီအစဉ်ဟုခေါ်သည်။

          ဘဏ္ဍာရေးကယ်တင်မှုအစီအစဉ်များကို အဓိကအားဖြင့် သက်ဆိုင်ရာအစိုးရများက ဆောင်ရွက်ပေးလေ့ရှိသည်။ ကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုကို ငွေကြေးထုတ်ပေးကူညီခြင်းမျိုးလည်းရှိသည်။ သို့သော် ကုမ္ပဏီအချင်းချင်းအကူအညီပေးရာတွင် သမရိုးကျမဟုတ်ဘဲ အခက်အခဲကြုံသောကုမ္ပဏီကို ပြိုင်ဘက်ကုမ္ပဏီက သိမ်းယူရန်ရည်ရွယ်ချက်ဖြင့် ကူညီခြင်းဖြစ်သွားနိုင်သည်။ များပြားသောအလုပ်အကိုင်များ၊ စီးပွားရေးလုပ်ငန်းများစွာ မှီခိုနေရသောကုမ္ပဏီတစ်ခုပြိုလဲသွားသည့်အခါ အစိုးရအနေဖြင့် စီးပွားရေးအဆောက်အအုံတစ်ခုလုံး ထိခိုက်နိုင်သောအခြေအနေများကို စဉ်းစားလျက် ကယ်တင်ပေးနိုင်ရန် ဝင်ရောက်လုပ်ကိုင်တတ် သည်။ ထိုသို့ဝင်ရောက်ကူညီမှုအပေါ် အပြန်အလှန်အားဖြင့် အစိုးရသည်ကုမ္ပဏီ၏ အစုရှယ်ယာများကို လက်ခံရရှိသည်။ ထို့နောက် ဘဏ္ဍာရေးအကူအညီပေးရာတွင် အသုံးပြုခဲ့သည့် အသုံးစရိတ်များ ပြန်လည်ရရှိရန်အတွက် ထိုရှယ်ယာများကိုပြန်လည်ရောင်းချမှုများ ပြုလုပ်နိုင်သည်။

          လွတ်လပ်သော စျေးကွက်မူဝါဒကို ယုံကြည်သူများကမူ အစိုးရ၏ ဘဏ္ဍာရေးကယ်တင်မှုအစီအစဉ်သည် စီးပွားရေးလုပ်ငန်းများကို စွန့်စားလုပ်ဆောင်မှုပိုမိုပြုလုပ်စေရန် အားပေးနေသကဲ့သို့ဖြစ်နေသည်ဟုဆိုကာ နှစ်သက်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီများသည် ၎င်းတို့စွန့်စားလုပ်ကိုင်၍ မှားယွင်းခဲ့သည့်အခါတိုင်း အစိုးရက ကူညီကယ်တင်ပေးမည်ကို သိနေသောကြောင့် ထိုအခြေအနေများ ပိုမိုပြုလုပ်လာနိုင်သောကြောင့်ဖြစ်သည်။ ဘဏ္ဍာရေးကယ်တင်မှုအစီအစဉ်နှင့်ပတ်သက်သည့် အတွေ့အကြုံ အနေဖြင့် ၂၀၀၇−၂၀၀၉ ခုနှစ်အချိန်များ ကမ္ဘာတစ်ဝန်းရှိ ဘဏ်ကြီးများပြိုလဲမှုဖြစ်ပေါ်စဉ် အမေရိကန်အစိုးရက ငွေစိုက်ထုတ်ကယ်တင်ခဲ့ဖူးသည်။ ထိုဘဏ်ကြီးများ ပြိုကွဲပါက ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်နိုင်ခြေများကို စဉ်းစား၍ အခွန်ထမ်းပြည်သူများ၏ ဘီလျံပေါင်းများစွာသော ဒေါ်လာငွေများ အကုန်အကျခံကာ ကူညီကယ်တင်ခဲ့ ခြင်းဖြစ်သည်။

 

ဝေါဟာရများ

ဘဏ္ဍာရေးကယ်တင်မှုအစီအစဉ်=Bailout  

ငွေဖြစ်လွယ်မှု (ငွေသားဖော်နိုင်မှု)=liquidity

ပြိုင်ဘက်လုပ်ငန်းများ (ကုမ္ပဏီများ)=competitors

များပြားသောအလုပ်အကိုင်များ=many jobs

လွတ်လပ်သောဈေးကွက်ဝါဒကိုယုံကြည်သူများ=free-marketeer    

အလွန်အမင်းမှီခိုခြင်း=overreliance 

 

လိုတိုရှင်း စီးပွားရေးသုတ (၉၀)

စီးပွားရေးနှိုးဆွမှု (economics  stimulus )

          ကျဆင်းယိုင်းယိုင်နေသော စီးပွားရေးအခြေအနေကို ပြန်လည်ဦးမော့လာစေရန် စီးပွားရေးအဆောက်အအုံအတွင်းသို့ အစိုးရကငွေကြေးပမာဏတိုးမြင့်ထည့်သွင်းပေးသည့်အားထုတ်မှုကို စီးပွားရေးနှိုးဆွမှု သို့မဟုတ် စီးပွားရေးလှုံ့ဆော်ပေးမှုဟုခေါ်သည်။ အစိုးရတစ်ရပ်သည် ငွေကြေးပေါ်လစီ ကျင့်သုံးလျက်  အတိုးနှုန်းကို နှိမ့်ချခြင်းဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးပေါ်လစီကျင့်သုံးလျက် အစိုးရအသုံးစရိတ်ပမာဏ တိုးမြင့်ခြင်းဖြင့်လည်းကောင်း စီးပွားရေးနှိုးဆွမှုကို လုပ်ဆောင်နိုင်သည်။ 

          စီးပွားရေးပညာရှင်များသည် ငွေကြေးပညာရှင်များ၏ ချဉ်းကပ်မှုကို ရာစုများစွာကပင် ထောက်ခံပြောဆိုခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လှုပ်ရှားမှုသည် အစိုးရ၏အခန်းကဏ္ဍကို လျှော့ချ၍ စျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်မှုနည်းပါးစေသောကြောင်ဖြစ်သည်။ ၂၀၀၇−၂၀၀၈ ကာလ စီးပွားရေး ပျက်ကပ်အတွင်း နိုင်ငံအစိုးရများစွာတို့သည် ဘဏ္ဍာရေးနည်းလမ်းဖြင့် ချဉ်းကပ်မှုကို အများလက်ခံလာစေရန် တွန်းအားပေးလျက် ၎င်းတို့၏ဘဏ်တိုနှုန်းများကို သုညရာခိုင်နှုန်းနီးပါး နှိမ့်ချခဲ့ကြသည်။ ထိုအယူအဆမှာ စားသုံးမှုများ၏ အသုံးစရိတ်နေရာတွင် အစိုးရအသုံးစရိတ်များက အစားထိုးနေရာယူခဲ့ပြီး တိုးမြင့်ထား  သောအခွန်ရငွေ၊ ကျဆင်းလာသောအလုပ်လက်မဲ့ အကျိုးဖြစ်ထွန်းမှုများဖြင့် ကာမိ စေခြင်း ဖြစ်သည်။

စီးပွားရေးနှိုးဆွမှုအသုံးစရိတ်နှင့်ပတ်သက်၍ ပြဿနာရှိနိုင်သည်။ နိုင်ငံကို ကြွေးမြီဝန်ပိ စေပြီး အခွန်ဝန်ထမ်းပြည်သူများ၏ငွေများဖြင့် ပြန်လည်ပေးဆပ်ရခြင်းဖြစ်သည်။ ထိုအခြေအနေကြောင့် အစိုးရကြီးကြီး (big government) ပုံစံပေါက်သွားစေနိုင်သည်ဟုလည်း ဆိုကြသည်။ 

ဝေါဟာရများ

(စီးပွားရေး) နှိုးဆွမှု=stimulus  

ငွေကြေးပေါ်လစီ=monetary policy 

ဘဏ္ဍာရေးအရ ချဉ်းကပ်မှု=fiscal approach 

စားသုံးသူအသုံးစရိတ်=consumer spending 

အခွန်ထမ်းဆောင်သူများ=taxpayer