ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား

ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား
နိုဝင်ဘာ ၂၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ပြုလုပ်သည့် ကာကွယ်ရေး ပြပွဲတွင် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်(Photo:AFP)
နိုဝင်ဘာ ၂၂ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် ပြုလုပ်သည့် ကာကွယ်ရေး ပြပွဲတွင် စစ်လက်နက်ပစ္စည်းများကို တွေ့ရစဉ်(Photo:AFP)
Published 22 November 2024

ရုရှားသည် မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားကို စစ်သားများ စေလွှတ်ကူညီပေးမှုအတွက် အပြန်အလှန်အနေဖြင့် ရုရှားက ထိုဒုံးကျည်များကို မြောက်ကိုရီးယားကို ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြောက်ကိုရီးယားသည် ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှားကို ကူညီပေးရန် စစ်သား ၁၀၀၀၀ ကျော်စေလွှတ်နေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲခဲ့သည်။

မြောက်ကိုရီးယားသည် စစ်သားများ စေလွှတ်မှုအတွက် အပြန်အလှန်အနေဖြင့် ရုရှားထံမှ လက်ခံရရှိသည့် အရာများရှိ၊မရှိ မေးမြန်းခံရချိန်တွင် တောင်ကိုရီးယား ထိပ်သီးလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှင်းဝမ်ဆစ်က “အဲဒါတွေက လေယာဉ်ပစ်ဒုံးကျည်တွေလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ အားနည်းတဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို အဲဒီဒုံးကျည်တွေနဲ့ အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဖြေကြားခဲ့သည်။

မြောက်ကိုရီးယားသည် မေ ၂၇ ရက်က ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ဘဲ ပျက်ကျခဲ့ပြီးနောက်ပိုင်း များပြားသည့် စီးပွားရေး အကူအညီများရရှိခဲ့ကြောင်း ရှင်းက ဒေသခံရုပ်သံ SBS ကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် စစ်သားများ စေလွှတ်ပေးမှုအတွက် ထောက်လှမ်းရေး ဂြိုဟ်တုများမှအစ ရေငုပ်သင်္ဘောများအဆုံး ကျယ်ပြန့်သည့် စစ်ရေးနည်းးပညာများကို ရရှိရန် ရည်မှန်းထားပြီး ရုရှားထံမှ လုံခြုံရေး အာမခံချက်များလည်း ရယူလိုကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဇွန်လအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ပြုံယမ်းမြို့တော်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

မကြာသေးမီကလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေးသည် မော်စကိုသို့ သွားရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် အောင်ပွဲရသည်အထိ မိမိတို့ရုရှားရဲဘော်များဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP