လားရှိုးမြို့ ၅၀၇ တပ်ရင်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်သူများ သွားလာခွင့်မရ

လားရှိုးမြို့ ၅၀၇ တပ်ရင်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်သူများ သွားလာခွင့်မရ
Published 7 July 2024

လားရှိုးမြို့ ၅၀၇ တပ်ရင်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး မြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်သူများ သွားလာခွင့်မရကြောင်း လားရှိုးမြို့ခံများက ပြောကြားသည်။

ဇူလိုင် ၇ ရက် နံနက်အစောပိုင်းမှစတင်ကာ လားရှိုးမြို့ ၅၀၇ တပ်ရင်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီနေ့က အမှတ် ၅ ရပ်ကွက်နားက ၅၀၇ တပ်ရင်းနားမှာ ပစ်ခတ်သံတွေ တော်တော်ကြားရတယ်။ ပြောရမယ်ဆို ဒီနေ့ တနေ့လုံးနီးပါးလောက် လက်နက်ကြီး လက်နက်ငယ်သံတွေ တောက်လျှောက်ကြားရတယ်”‌ဟု လားရှိုးမြို့ခံတစ်ဦးက ပြော ကြားသည်။

ဇူလိုင် ၇ ရက်တွင် လားရှိုးမြို့မှ ထွက်ခွာရန်ပြင်ဆင်နေသူများမှာ လားရှိုးမြို့ပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြို့ပြင်သို့ ထွက်ခွင့်မရကြောင်း သိရသည်။

“မနက်အစောပိုင်းကတည်းက အပြင်ထွက်မယ့်သူတွေ ထွက်လို့ မရဘူး။ မြို့ပြင်မှာ ပစ်ခတ်နေကြလို့။ တချို့ကလည်း ထွက်ခွင့်မရ တော့ ကိုယ့်အိမ်ကိုယ် ပြန်ကြတယ်။ တချို့ကတော့ ထွက်ခွင့်ရတဲ့ အချိန် ထွက်နိုင်အောင် လမ်းမှာပဲ စောင့်နေကြတာကို တွေ့ တယ်”‌ဟု လားရှိုးမြို့ခံတစ်ဦးက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။

လားရှိုးမြို့ခံ အများစုမှာ မြို့ကိုစွန့်ခွာရန် စီစဉ်နေကြပြီး ဇူလိုင် ၇ ရက်တွင် မော်တော်ယာဉ်တန်းမှာ များပြားသည်ကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက ဆက်လက်ပြောကြားသည်။

“ဒီနေ့ ကားတန်းကတော်တော်များတယ်။ ဒါပေမဲ့ ထွက်လို့မရ ဘူး”‌ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာ အချို့သို့ ကျရောက် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာ မှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက် ခန့်ကမှ စတင်ပြီး အခြားဒေသများသို့ ပြောင်း ရွှေ့လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော် ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့ နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြားအခြား မြို့များသို့ ထွက်ခွာ ‌နေမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုကား လမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရ သည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီထိရှိနေသည်။

Most Read

Most Recent