ရွှေစင်၊ ရွှေတုံးများနှင့် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ် နှင့် ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်သွယ်လု​ပ်ငန်းခွန် သုံးရာခိုင်နှုန်း ကောက်ခံမည့် အခွန်အကောက်ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း

ရွှေစင်၊ ရွှေတုံးများနှင့် ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ် နှင့် ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်သွယ်လု​ပ်ငန်းခွန် သုံးရာခိုင်နှုန်း ကောက်ခံမည့် အခွန်အကောက်ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း
Published 29 August 2024

ရွှေစင်၊ ရွှေတုံးများ(စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်နှင့် ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် သုံး ရာခိုင်နှုန်း ကောက်ခံမည့် ၂ဝ၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂ဝ၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၄ /၂၀၂၄)ကို  ပြဋ္ဌာန်းလိုက်ကြောင်း သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က)၏ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် ၃၉ တွင်ပါရှိသော ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဈ)အား " ရွှေစင်၊ ရွှေတုံးများ(စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း သုံး ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ သို့ရာတွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရသည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ"ဟု အစားထိုးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် မတ် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က)၏ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် ၃၉ တွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ပြည်ထောင်စုအစိုးရက ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ အရိုင်းထည်၊ အချောထည်များသည် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရသော ကျောက်မျက်ရတနာနှင့် တွင်းထွက်ကုန်စည်များတွင် ထည့်သွင်းထားသည်။

ထို့အတူ ၂၀၂၄ ခုနှစ် မတ် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ(ဈ)တွင် " ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင် သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း တစ် ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ သို့ရာတွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင် ရမည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ"ဟု ပြဋ္ဌာန်းထားသည်။

Most Read

Most Recent