ခြေစွမ်းပြဂိုးသွင်းနိုင်ရန်အတွက် ဘာပေအနေဖြင့် ဘယ်တောင်ပံတွင် ကစားရန်မလိုဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

ခြေစွမ်းပြဂိုးသွင်းနိုင်ရန်အတွက် ဘာပေအနေဖြင့် ဘယ်တောင်ပံတွင် ကစားရန်မလိုဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား
Photo: X
Photo: X
Published 29 August 2024

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းတိုက်စစ်မှူး ဘာပေအနေဖြင့် ခြေစွမ်းပြဂိုးသွင်းနိုင်ရန်အတွက် ဘယ်တောင်ပံတိုက်စစ်တွင် ကစားရန်မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ပြီးနောက် ယခုနွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

ဘာပေသည် PSG အသင်းတွင် ဘယ်တောင်ပံတိုက်စစ်နေရာ ကစားခဲ့ပြီး ဘောလုံးလောကတွင် ထွန်းတောက်လာခဲ့သူဖြစ်သည်။

သို့သော် ဘာပေသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားခဲ့သည့် (၃) ပွဲစလုံး အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အဖွင့်(၂)ပွဲ ကစားပြီးချိန်အထိ ဂိုးသွင်းနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် ဘာပေမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို၊ ရီးယဲလ်မက်ဒရစ်ပရိသတ်အချို့၏လှောင်ပြောင်ခြင်းကိုပါ ခံနေရကြောင်း သိရှိရသည်။

သို့ သော် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘာပေအတွက် စိတ်မပူကြောင်းနှင့် မကြာမီဂိုးများသွင်းယူနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက ''ဘာပေကစားတာ အရမ်းကြည့်လို့ ကောင်းပါတယ်။ သူဟာ အရမ်းလျင်မြန်ပြီး ဘောလုံးမရှိတဲ့အချိန်မှာ ရွေ့လျားမှုတွေ အရမ်းကောင်းပါတယ်။ ဗယ်လာဒိုလစ်နဲ့ပွဲမှာ သူ ဂိုးသွင်းခွင့် (၃) ကြိမ် ရခဲ့ပါတယ်။ အထောင် တိုက်စစ်မှူးနေရာကနေ သူ ဂိုးသွင်းနေကျဖြစ်လို့ သူ ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ဘာပေအနေနဲ့ ဂိုးရဖို့အတွက် ဘယ်တောင်ပံ ဒါမှမဟုတ် ညာတောင်ပံတိုက်စစ်မှာ ကစားဖို့လိုတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

နောက်ပိုင်းနှစ်များအတွင်း ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်တောင်ပံတိုက်စစ်နေရာတွင် ဗင်နီစီယပ်စ် ခြေစွမ်းပြနေသဖြင့် ဘာပေမှာ အထောင်တိုက်စစ်မှူးအဖြစ် ဆက်လက်ကစားရဖွယ်ရှိနေသည်။

Most Read

Most Recent