ပြင်သစ်အသင်း၏ သွင်းဂိုးခက်ခဲနေမှုကို နည်းပြ ဒေးရွှမ့်စ် လက်ခံခဲ့သော်လည်း ပြဿနာတစ်ခုဟု မမှတ်ယူကြောင်း ဖွင့်ဟ

ပြင်သစ်အသင်း၏ သွင်းဂိုးခက်ခဲနေမှုကို နည်းပြ ဒေးရွှမ့်စ် လက်ခံခဲ့သော်လည်း ပြဿနာတစ်ခုဟု မမှတ်ယူကြောင်း ဖွင့်ဟ
Photo: AFP
Photo: AFP
Published 3 July 2024

 

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဖြစ်သူ ဒေးရွှမ့်စ်က လက်ရှိအသင်းတွင် သွင်း ဂိုးခက်ခဲနေကြောင်း ဝန်ခံခဲ့ပြီး ယင်းမှာ ပြဿနာတစ်ခုဟု မယူဆကြောင်း ဘယ်လ်ဂျီယံအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ဘယ်လ်ဂျီယံနှင့် ပွဲတွင် ပွဲချိန် ၈၅ မိနစ်အရောက်မှ လူစားဝင်လာသည့် မူအာနီ၏ကန်ချက် ပြိုင်ဘက်အသင်းနောက်ခံလူ ဗာတွန်ဂန်နှင့်ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အသင်းအနေဖြင့် ယခုပွဲခြေ စွမ်းအရ နိုင်ပွဲနှင့် ထိုက်တန်သည့်အသင်း ဖြစ်သော်လည်း တစ်ပွဲလုံး၌ ဂိုးကန်သွင်းမှု ၁၉ ကြိမ် ရှိခဲ့ရာတွင် ဘယ်လ်ဂျီယံအသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုမှာ နှစ်ကြိမ်သာ ရှိခဲ့သည်။ 

သို့သော် ပြင်သစ်အသင်းသည် သမိုင်းကြောင်းအစဉ်အလာအရ Own Goal နှင့် အကျိုးပေးသည့် အစဉ်အလာများလည်း ရှိခဲ့သည်။ ပြင်သစ်အသင်းသည် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် Own Goal ငါးဂိုးအထိ ရရှိထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း Own Goal ခြောက်ဂိုးရရှိကာ မေဂျာပြိုင်ပွဲ နှစ်ရပ်စလုံးတွင် Own Goal အများဆုံးရရှိ သည့်အသင်းအဖြစ် မှတ်တမ်းဝင်လျက်ရှိနေသည်။ ပြင်သစ်ကွင်းလယ်လူ ကွန်တေမှာလည်း ၎င်းကစားသည့် မေဂျာပြိုင်ပွဲ ၁၉ ပွဲဆက် ရှုံးပွဲမရှိခဲ့ကာ ယခင်စံချိန်ရှင်ဖြစ်သည့် စပိန်ကွင်းလယ်လူ ဇာဗီကို ကျော်ဖြတ်ကာ မှတ်တမ်းသစ် ရေးထိုးခဲ့ပြီး ၁၃ ပွဲနိုင်၊ ခြောက် ပွဲသရေမှတ်တမ်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

ပြင်သစ်အသင်းသည် ယခုယူရိုပြိုင်ပွဲ တွင် သုံးဂိုးသာ ရရှိထားပြီး နှစ်ဂိုးမှာ သြစတြီးယားကစားသမား ဗိုဘာနှင့် ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်၏ Own Goal များ ဖြစ်ကာ ကျန်တစ်ဂိုးကိုမူ တိုက်စစ်မှူး ဘာပေက ပိုလန်နှင့်ပွဲတွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ပြင်သစ် အသင်းအနေဖြင့် ယခုယူရိုပြိုင်ပွဲတွင် Open Play မှ သွင်းဂိုး လုံးဝမရှိသေးကြောင်း သိရသည်။ "ကျွန်တော်တို့မှာ ဂိုးပိုသွင်းနိုင်တဲ့ စွမ်းရည်နဲ့ လုပ်နိုင်စွမ်းတွေ အမြဲရှိပါတယ်။ ယူရိုပြိုင်ပွဲ စတင်ကတည်းက ကျွန်တော်တို့အတွက် အနည်းငယ်ဆန်းကြယ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့တယ်။ ကျွန်တော်တို့ပုံစံအတိုင်းသွားနိုင်ဖို့ ကံကြမ္မာကို တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းစရာအတားအဆီးတွေကိုတော့ ကျွန်တော်တို့ မလိုချင်ပါဘူး"ဟု နည်းပြ ဒေးရွှမ့်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent